Myanmar National Post

တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတစ်ဦးအား ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် တရားမဝင် နိုင်ငံခြား ငွေကြေး ရောင်းဝယ်ဖောက်ကားမှုများ ပပျောက်စေရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ တရားမဝင် နိုင်ငံခြားငွေ ရောင်းချနေသူတစ်ဦးအား သက်သေခံငွေကြေးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေးဘုရားလမ်းရှိ ဆူးလေကုန်းကျော်လူကူးတံတားအနီး၌ ဗဟိုဘဏ်၏ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ပြင်ပပေါက်ဈေးဖြင့် နိုင်ငံခြားငွေများ တရားမဝင် ဝယ်ယူရောင်းချနေကြောင်း သတင်းအရ တာဝန်ရှိသူများက ၂၁-၁၁-၂၀၂၆ ရက်နေ့က ဝင်ရောက်စစ်ဆေးရှာဖွေ ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ရာဂျား(ခ)အောင်ချိုထွန်း(ဘ)မာမွတ် ထံမှ တရားမဝင် ရောင်းဝယ်ရန် လက်ဝယ်ထားရှိသည့် အမေရိကန်ဒေါ်လာ (၃၅၅၀)၊ တရုတ်ယွမ်(၅၆၀၀)၊ မလေးရှားရင်းဂစ်(၅၂၀၀) နှင့် မြန်မာကျပ်ငွေ (၁၀,၂၀၀,၀၀၀) တို့အပြင် ငွေကြေးရောင်းဝယ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူအား သက်ဆိုင်ရာ မြို့မရဲစခန်းတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ အမှုဖွင့်လှစ်ထားပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။


#Myanmar #News 

မူရင်းသတင်း — Myanmar National Post