
တံတားဦးမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအနီး ကားလမ်းမဘေးတွင် မသင်္ကာဖွယ်တွေ့ရှိသည့် ကျောပိုးအိတ်တစ်လုံးကို စစ်ဆေးရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် ခြောက်ဦးဒဏ်ရာရရှိကာ ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မြောက်ဘက် မီတာ ၃၀ ခန့်အကွာ ကားလမ်းမဘေး၌ မသင်္ကာဖွယ်ရာ ကျောပိုးအိတ်တစ်လုံးတွေ့ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ရှင်းလင်းခြင်းများဆောင်ရွက်စဉ် မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကာ အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် တံတားဦးမြို့နေ ဦးသက်ဆွေငြိမ်း ၄၅ နှစ် (ဘ) ဦးမာကြည်၊ ဦးအေးမောင် ၃၅ နှစ် (ဘ) ဦးသန်းထွန်းမင်း၊ ဦးသိန်းဆွေ ၅၇ နှစ် (ဘ) ဦးလှအောင်၊ ဦးအောင်ကိုမြတ် ၄၈ နှစ် (ဘ) ဦးဆန်းအောင်၊ ဦးစောသန်း ၇၁ နှစ် (ဘ) ဦးမြခင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့ကြရာ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တံတားဦး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ဦးသိန်းဆွေ ၅၇ နှစ် (ဘ) ဦးလှအောင်သည် ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းနေရာတစ်ဝိုက်အား မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။