
ထိုက်စံ(NP News)-နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ရထားသံလမ်းအလယ်၌ အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ သေဆုံးခဲ့ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။
အမှတ်(၇၂)အစုန်(ပြည်-ရန်ကုန်) လူစီးအမြန်လေအိတ်ရထားသည် ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်) နံနက်(၂) နာရီ ကျော်ခန့်က ဥက္ကံဘူတာမှ ထွက်ခွာလာပြီး တိုက်ကြီးမြို့နယ် ဥက္ကံဘူတာနှင့် ဖလုံဘူတာကြား မိုင်တိုင်အမှတ် (၅၆)မိုင်(၄)ဖာလုံ နှင့် (၃)ဖာလုံ ကြားသို့ ရောက်ရှိဖြတ်သန်းစဉ် ရထားသံလမ်း အလယ်တွင် အိပ်ပျော်နေသည့် အမျိုးသား တစ်ဦးအား ရထားဖြင့် ကြိတ်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ရထားကြိတ်ခံရသည့် အသက်(၄၀)အရွယ် ဦးရဲဇာနည်သည် ဝဲဘက် လက်တံတောင်ဆစ် အောက်မှပြတ်၊ ဦးခေါင်းယာဘက် ချိုစောင်းပေါက်ပြဲဒဏ်ရာတို့ဖြင့် ဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ဥက္ကံမြို့၊ ပနီပင်ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူအား ဥက္ကံမြို့ ငြိမ်းအေးချမ်းသာလူမှုကူညီရေး အသင်းမှ ဥက္ကံတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။