Myanmar Digital News

ခေတ်သစ်လူနေမှုစနစ်နှင့် အသည်းကျန်းမာရေး သတိပေးအချက်အလက်များ

ဒေါက်တာအောင်ညွန့်ပိုင်

ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲတွင် အလုပ်လုပ်ဆုံးနှင့် ဝေဒနာကို အဆိုးရွားဆုံးအဆင့်အထိ အောင့်အည်းသည်းခံတတ်သော အင်္ဂါအစိတ်အပိုင်းမှာ အသည်းပင် ဖြစ်သည်။ အသည်းသည် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ အစာခြေစနစ်ကို ကူညီခြင်းနှင့် စွမ်းအင်သိုလှောင်ပေးခြင်း စသည့်လုပ်ငန်းဆောင်တာပေါင်းများစွာကို နေ့စဉ်မပြတ်လုပ်ဆောင်နေရသည်။

သို့သော် ယနေ့ခေတ် ပြောင်းလဲလာသော လူနေမှုစနစ်၊ အစားအသောက်ပုံစံများနှင့်အတူ အသည်းရောဂါ ဖြစ်ပွားမှုနှုန်းသည် ကမ္ဘာတစ်ဝန်း သိသိသာသာမြင့်တက်လာနေသည်။ ယခု ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများသည် အသည်းကျန်းမာရေးနှင့်ပတ်သက်၍ အရေးကြီးသောပြောင်းလဲမှုများ၊ လမ်းညွှန်ချက်အသစ်များနှင့် ဆေးဝါးကုသမှု တိုးတက်မှုများကို ထုတ်ပြန်ကြေညာထားသည်။

အသည်းအဆီဖုံးခြင်း အခေါ်အဝေါ်အသစ် (MASLD နှင့် MASH)

ယခင်က ကျွန်ုပ်တို့ အလွယ်တကူ ခေါ်ဆိုခဲ့ကြသော “အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးခြင်း”(NAFLD - Non-Alcoholic Fatty Liver Disease) နှင့် “အသည်းအဆီဖုံးပြီး အသည်းရောင်ခြင်း” (NASH - Non-Alcoholic Steatohepatitis) ဟူသော ဆေးပညာ ဝေါဟာရများကို ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့အသည်းရောဂါဆိုင်ရာ အဖွဲ့အစည်းကြီးများက တရားဝင်အသုံးမပြုတော့ဘဲ ပိုမိုတိကျသော ခေတ်မီအခေါ်အဝေါ်များအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်သည်။

MASLD (Metabolic Dysfunction-Associated Steatotic Liver Disease)။ ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းမှုကြောင့် အသည်းအဆီဖုံးခြင်းဟု အဓိပ္ပာယ်ရသည်။ ကိုယ်အလေးချိန်များခြင်း၊ ဆီးချို၊ သွေးတိုးနှင့် ကိုလက်စထရောများခြင်း စသည့်ခန္ဓာကိုယ်တွင်း ဇီဝကမ္မချို့ယွင်းချက်များကြောင့် အသည်းတွင် အဆီစုလာခြင်းကိုဆိုလိုသည်။

MASH (Metabolic Dysfunction-Associated Steatohepatitis)။ အသည်းတွင် အဆီဖုံးရုံမျှမကဘဲ အသည်းဆဲလ်များပါ စတင်ရောင်ရမ်းပြီး ပျက်စီးလာသည့်အခြေအနေဖြစ်သည်။ ဤအဆင့်ကို အချိန်မီ မကုသပါက အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာအထိ ကူးပြောင်းသွားနိုင်သည်။

ယခင်အခေါ်အဝေါ်ပါ “အရက်ကြောင့်မဟုတ်သော” ဟူသည့် စကားလုံးသည် လူနာအား အရက်သောက်သူလား၊ မသောက်သူလား ဟူ၍ ခွဲခြားဆက်ဆံသကဲ့သို့ဖြစ်စေပြီး ရောဂါဖြစ်ရသည့် အဓိကတရားခံ(ဇီဝကမ္မဖြစ်စဉ်နှင့် အဝလွန်ခြင်းပြဿနာ) ကို ကွယ်ပျောက်စေသောကြောင့် ယခုကဲ့သို့ စနစ်တကျပြောင်းလဲလိုက်ခြင်းဖြစ်သည်။

၂၀၂၆ ခုနှစ်၏ အမေရိကန် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာအဖွဲ့ (AGA) ၏ မွမ်းမံထားသော လမ်းညွှန်ချက်အရ အောက်ပါအုပ်စုဝင်များသည် လက္ခဏာမပြသော်လည်း အသည်းအဆီဖုံးခြင်း ရှိ၊ မရှိ မဖြစ်မနေ အာထရာဆောင်း (Ultrasound) သို့မဟုတ် Fibroscan ဖြင့် စစ်ဆေးရမည်ဟု သတ်မှတ်ထားသည်။

အမျိုးအစား (၂) ဆီးချိုရောဂါ ရှိသူများ။

အဝလွန်ခြင်း (Obesity) ရှိပြီး သွေးတိုး သို့မဟုတ် သွေးတွင်းအဆီဓာတ် မြင့်မားသူများ။

သွေးစစ်ရာတွင် အသည်းအင်ဇိုင်း (ALT သို့မဟုတ် AST) အကြောင်းရင်းမရှိဘဲ တက်နေသူများ စသူတို့သည် လက္ခဏာမပြသော်လည်း အသည်းအဆီဖုံးခြင်း ရှိ၊ မရှိ မဖြစ်မနေ အာထရာဆောင်း (Ultrasound) သို့မဟုတ် Fibroscan ဖြင့် စစ်ဆေးရမည်ဟု သတ်မှတ်ထားသည်။

MASH (အသည်းအဆီဖုံးရောင်ရမ်းခြင်း) အတွက် ကုသဆေးများ ပေါ်ထွက်

အတိတ်ကာလက အသည်းအဆီဖုံးပြီး ရောင်ရမ်းပါက ဝိတ်ချရန်နှင့် အစားအသောက်ဆင်ခြင်ရန်သာ လမ်းညွှန်နိုင်ခဲ့ပြီး သီးသန့်ကုသ ဆေးမရှိခဲ့ပါ။ သို့သော် ၂၀၂၆ ခုနှစ်သည် အသည်းရောဂါကုသမှု လောကတွင် “အရှိန်အဟုန်ဖြင့် အရေးယူဆောင်ရွက်သည့်နှစ်” (Year of Action) ဖြစ်လာခဲ့သည်။

Resmetirom နှင့် Semaglutide ကဲ့သို့သော ဆေးဝါးအသစ်များသည် အသည်းအဆီဖုံးရောင်ရမ်းခြင်း (MASH)ကြောင့် အသည်းအတွင်း အမာရွတ်ထင်ခြင်း (Fibrosis)ကို သိသိသာသာလျော့ကျစေကြောင်း အရှိန်မြှင့်အတည်ပြုချက်များ (Accelerated Approvals) ရရှိလာပြီဖြစ်သည်။ ၎င်းသည် အသည်းအစားထိုးကုသရမည့် အဆင့်သို့ မရောက်အောင် တားဆီးပေးနိုင်မည့် မျှော်လင့်ချက်အသစ်ဖြစ်သည်။

အသည်းရောင် ဘီပိုး (Hepatitis B) အမြစ်ပြတ်ကုသနိုင်မည့် မျှော်လင့်ချက်

ယခုအခါ အသည်းရောင်ဘီပိုးကို ခန္ဓာကိုယ်ထဲမှ အပြီးတိုင် ဖယ်ရှားပစ်နိုင်မည့် (Functional Cure) ဆေးဝါးအသစ်များ (ဥပမာ- Bepirovirsen) ၏ တတိယအဆင့် (Phase 3) စမ်းသပ်ချက် ရလဒ် ကောင်းများသည် ၂၀၂၆ ခုနှစ်အတွင်း ထွက်ပေါ်လာနေပြီဖြစ်သည်။ မကြာမီနှစ်များအတွင်း ဘီပိုးကို ရာသက်ပန်ဆေးသောက်စရာမလိုဘဲ အမြစ်ပြတ်ကုသနိုင်တော့မည်ဖြစ်သည်။

“အရက်” နှင့်ပတ်သက်၍ သတိပေးချက်

၂၀၂၆ ခုနှစ် လမ်းညွှန်ချက်များတွင် အသည်းအဆီဖုံး (MASLD) ဝေဒနာရှင်များအတွက် အလွန်အရေးကြီးသော သတိပေးချက်တစ်ခု ပါဝင်လာသည်။ ၎င်းမှာ “အသည်းအဆီဖုံးနေသူများအတွက် အန္တရာယ်ကင်းသော အရက်ပမာဏဟူ၍ မရှိပါ”ဟူသော အချက်ဖြစ်သည်။ အရက်ကို အနည်းငယ်မျှသောက်ခြင်းကပင် အသည်းဆဲလ်များ ပျက်စီးမှုကို နှစ်ဆပိုမိုမြန်ဆန်စေကြောင်း ဆေးပညာအရ အခိုင်အမာ သက်သေပြလိုက်ပြီဖြစ်သည်။

နေ့စဉ်ဘဝ သတိပြုဖွယ်ရာ အန္တရာယ်များ

မြန်မာနိုင်ငံတွင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားမှု မြင့်မားရခြင်းသည် အရက်နှင့် ဗိုင်းရပ်စ်ပိုးများကြောင့်သာမက နေ့စဉ်စားသောက်နေထိုင်မှုပုံစံများတွင် ပုန်းကွယ်နေသော ဘေးအန္တရာယ်များကြောင့်လည်း ဖြစ်နိုင်သည်။

မှိုဆိပ် (Aflatoxin) အန္တရာယ်

Aflatoxin ဟုခေါ်သော မှိုဆိပ်သည် အသည်းကင်ဆာဖြစ်ပွားစေသည့် အဓိကတရားခံဖြစ်သည်။ အစိုပြန်ပြီး စနစ်တကျ သိုလှောင်မထားသော အောက်ပါအစားအစာများတွင် ထိုမှိုဆိပ်များ တွယ်ကပ် နေတတ်သည်။

မြေပဲတောင့်၊ မြေပဲဆီ (စက်ရုံထုတ်မဟုတ်ဘဲ စနစ်တကျသန့်စင် မထားသောဆီ)။

ငရုတ်သီးမှုန့်၊ ချင်း (ဂျင်း) ခြောက်။

ငါးခြောက်၊ ပုစွန်ခြောက်နှင့် ပဲပုပ်များ။

ကာကွယ်ရန်နည်းလမ်း: မှိုတက်နေသော၊ အရောင်ပြောင်းနေသော၊ မပုပ်သော်လည်းအနံ့ အသက်မကောင်းသော အစားအစာများကို လုံးဝ (လုံးဝ) မစားသုံးသင့်ပါ။

စျေးကွက်ထဲမှ ဓာတုဆိုးဆေးများနှင့် အစားအသောက်အန္တရာယ်

အချို့သော လက်ဖက်နှပ်များ၊ ငရုတ်သီးမှုန့်များနှင့် မုန့်မျိုးစုံတွင် အသုံးပြုတတ်သော စက်မှုသုံးဓာတုဆိုးဆေးများ (ဥပမာ - Auramine O, Rhodamine B) သည် အသည်းဆဲလ်များကို တိုက်ရိုက်ဖျက်ဆီးပြီး အသည်းပျက်စီးမှုကိုဖြစ်စေသည်။ ထို့ကြောင့် အစားအသောက်ဝယ်ယူ ရာတွင် အစိုးရ (FDA) က ခွင့်ပြုထားပြီး ယုံကြည်စိတ်ချရသော တံဆိပ်များကိုသာ ရွေးချယ်ရန်လိုအပ်သည်။

အကိုက်အခဲပျောက်ဆေးနှင့် တိုင်းရင်းဆေးများ စည်းကမ်းမဲ့သောက်ခြင်း

ပါရာစီတမော (Paracetamol) ကဲ့သို့သော အကိုက်အခဲ ပျောက်ဆေးများကို အလွန်အကျွံသောက်ခြင်း သို့မဟုတ် အာမခံချက်မရှိသော တိုင်းရင်းဆေးအမြစ်ခြောက်၊ အရွက်ခြောက်များကို ရောဂါပျောက်ကင်းလိုဇောဖြင့် ရေရှည်ကျိုသောက်ခြင်းများသည် အသည်းကို တိုက်ရိုက်အဆိပ်သင့်စေပြီး “ရုတ်တရက်အသည်းပျက်စီးခြင်း” (Acute Liver Failure) ကို ဖြစ်ပေါ်စေနိုင်သည်။

အသည်းသည် ထိခိုက်ပျက်စီးမှု ၇၅ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိသည့်တိုင်အောင် ကိုယ်တိုင်ပြန်လည်ပြုပြင်နိုင်စွမ်း (Regeneration) ရှိသော ထူးခြားသည့်အင်္ဂါဖြစ်သည်။ ထို့ကြောင့် ယနေ့မှစ၍ အောက်ပါအလေ့အကျင့်ကောင်းများကို မပျက်မကွက် မွေးမြူကြရန် တိုက်တွန်းလိုပါသည်။

ကျန်းမာသော အသည်းအတွက် နေ့စဉ်ပြုလုပ်ရမည့် အလေ့ အကျင့် ငါးခု

၁။ အချိုနှင့်အဆီ လျှော့ပါ

ကာဗိုဟိုက်ဒရိတ်နှင့် သကြားဓာတ်လွန်ကဲမှုကို ရှောင်ပါ။

၂။ တစ်နေ့ မိနစ် ၃၀ လမ်းလျှောက်ပါ

ကိုယ်အလေးချိန် ၅-၁၀% ကျပါက အသည်းအဆီ ရှင်းလင်းသွားနိုင်သည်။

၃။ အရက်နှင့်ဆေးလိပ် ဖြတ်ပါ

အသည်းဆဲလ်များ မာကြောခြင်းကို ကာကွယ်ပါ။

၄။ ကာကွယ်ဆေး ထိုးပါ

အသည်းရောင် ဘီပိုး ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံပါ။

၅။ အိပ်ရေးဝဝ အိပ်စက်ပါ

ညဘက်တွင် အသည်းက အဆိပ်အတောက်များကိုဖယ်ရှားချိန် ဖြစ်သည်။

နိဂုံး

အသည်းရောဂါအများစုသည် နောက်ဆုံးအဆင့် အသည်းခြောက်၊ အသည်းကင်ဆာအဆင့် ရောက်မှသာ လက္ခဏာပြလေ့ရှိသည်။ ယခု ၂၀၂၆ ခုနှစ်၏ ဆေးပညာ updates အချက်အလက်များကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ရောဂါဖြစ်မှ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းနှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်းကို ပိုမိုအလေးထားရမည်ဖြစ်သည်။

ကျန်းမာသော အလေ့အကျင့်ကောင်းများကို ယနေ့မှစ၍ နေ့စဉ် ပျိုးထောင်မွေး​မြူပြီး “အသည်း”ကို ဂရုစိုက်စောင့်ရှောက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

မူရင်းသတင်း — Myanmar Digital News