
ပုလဲ (NP News) - နိုဝင်ဘာ ၂၅
သုံးစွဲခွင့်မပြုထားသော ဆိုးဆေး Auramine - O ပါဝင်သည့် နနွင်းမှုန့် ၊အရောင်တင်မှုန့် ၊ ဇီးဖြူသီးယို နှင့် ဂျင်းလက်ဖက်တို့၏ အမှတ်တံဆိပ်များကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
ပလက်စတစ်ဖြင့် ထုပ်ပိုးထားပြီး ရက်စွဲ အမှတ်အသားဖော်ပြထားခြင်းမရှိသော ရွှေသင်းသူ အမှတ်တံဆိပ် သဘာဝ နနွင်းမှုန့် စစ်စစ် နှင့် ဟင်းခတ်အရောင်တင်မှုန့်တို့သည် အစားအသောက်တွင် သုံးစွဲခွင့်မပြုထားသော ဆိုးဆေး Auramine - O ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရကြောင်း FDA က အသိပေးထားသည်။
ထို့အတူ 123 အမှတ်တံဆိပ် ဇီးဖြူသီးယို ၊သိန်းတိုး ဂျင်းလက်ဖက် တို့တွင်လည်း သုံးစွဲခွင့်မပြုထားသော ဆိုးဆေး Auramine - O ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရကြောင်း နှင့် စားသုံးရန် မသင့်ကြောင်းကိုလည်း FDA က အသိပေးထားသည်။
ထို့ပြင် ရွှေညာသူတံဆိပ် ပုန်းရည်ကြီးတွင် အစားအသောက်ထပ်ဖြည့်ပစ္စည်း Benzoic acid ပါဝင်မှုသည် (1134.19 mg/kg) ပါဝင်၍ သတ် မှတ်ပမာဏ (1000 mg/kg) ထက်ကျော်လွန် ကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် စျေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် FDA က သတိပေးထားသည်။
အလားတူ K & K တံဆိပ် ခွန်အားဖြည့်အချိုရည်သည်လည်း အစားအသောက်ထပ်ဖြည့်ပစ္စည်း Benzoic acid ပါဝင်မှုသည် (851.46 mg/kg) ပါဝင်၍ သတ်မှတ် ပမာဏ (250 mg/kg) ထက်ကျော်လွန်ကြောင်း နှင့် Sodium Cyclamate ပါဝင်မှုသည် (973.69 mg/kg) ပါဝင်၍ သတ်မှတ်ပမာဏ ( 350 mg/kg) ထက်ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိ ရသည့်အတွက် စျေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် သတိပေးထားသည်။



