Positive Angle News

ခွန်အားဖြည့်အချိုရည်နှင့် ပုန်းရည်ကြီးတို့တွင် သတ်မှတ်ပမာဏထက် ကျော်လွန်သော ဖြည့်စွက်ပစ္စည်းများပါဝင်၍ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းရန် FDA သတိပေး

(ကျန်းမာရေး) နိုဝင်ဘာ ၂၅

နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးအတွင်း ထုတ်လုပ်ရောင်းချနေသည့် K & K ခွန်အားဖြည့်အချိုရည်နှင့် ရွှေညာသူ ပုန်းရည်ကြီးတို့တွင် အစားအသောက်ထပ်ဖြည့်ပစ္စည်းများ သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သတိပေးထားသည်။

ပျဉ်းမနားမြို့၊ နေပြည်တော်ရှိ K & K စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် 300 ml K & K ခွန်အားဖြည့်အချိုရည်တွင် Benzoic acid ပါဝင်မှု 851.46 mg/kg ရှိပြီး သတ်မှတ်ပမာဏ 250 mg/kg ထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါအချိုရည်တွင် Sodium Cyclamate ပါဝင်မှုမှာလည်း 973.69 mg/kg ရှိကာ သတ်မှတ်ပမာဏ 350 mg/kg ထက် ကျော်လွန်နေကြောင်း FDA ၏ စစ်ဆေးချက်တွင် ဖော်ပြထားသည်။ ကောက်ယူစစ်ဆေးခဲ့သည့် နမူနာကို A-19 K&K ခွန်အားပြည့်အခါရှည်ဟု မှတ်တမ်းတင်ထားသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ဆင်ချောင်းစံပြကျေးရွာရှိ ရွှေညာသူစားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် ရွှေညာသူအမှတ်တံဆိပ် ပုန်းရည်ကြီးတွင် Benzoic acid ပါဝင်မှု 1,134.19 mg/kg ရှိပြီး သတ်မှတ်ပမာဏ 1,000 mg/kg ထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိထားသည်။

ယင်းပုန်းရည်ကြီး၏ အစားအသောက်နမူနာကို A-07 မုန်းရည်ကြီး၊ 170359 ဟု မှတ်တမ်းတင်ထားကြောင်း သိရသည်။

FDA က အဆိုပါစားသောက်ကုန်များတွင် ဖြည့်စွက်ပစ္စည်းများ သတ်မှတ်ပမာဏထက် ကျော်လွန်ပါဝင်နေမှုကို စစ်ဆေးတွေ့ရှိထားသဖြင့် ဈေးကွက်အတွင်းမှ ပြန်လည်ရုပ်သိမ်းစေသည့် သတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

မူရင်းသတင်း — Positive Angle News