NP News

ဗဟိုဘဏ်မှ နိုဝင်ဘာလအတွင်း စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရန် အမေရိကန်ဒေါ်လာ (၁၃၀ ဒသမ ၈) သန်းခန့်ကို ရောင်းချပေးခဲ့ပြီးဖြစ်

ထိုက်စံ(NP News)-နိုဝင်ဘာ ၂၆

ဗဟိုဘဏ်မှ နိုဝင်ဘာလအတွင်း စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရန် အမေရိကန်ဒေါ်လာ (၁၃၀ ဒသမ ၈) သန်းခန့်ကို Market Trading Rate ကျပ် (၃၆၆၀)ဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြီးမှူး၍ FX Market Online Trading Platform တွင် နိုင်ငံတော်၏ အရေးကြီးကုန်စည်များဖြစ်သော စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များအတွက် လိုအပ်သော နိုင်ငံခြားငွေများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှတစ်ဆင့် သွင်းကုန်တင်သွင်းသူ(Importer)များသို့ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်ချပေးလျက်ရှိရာ ဧပြီလမှ အောက်တိုဘာလအထိ FX Market Online Trading Platform နှင့် AD လိုင်စင်ရဘဏ်များမှတစ်ဆင့် အမေရိကန်ဒေါ်လာ (၂၁၆၉ ဒသမ ၈)သန်း၊ တရုတ်ယွမ်(၁၈၉၂ ဒသမ ၄)သန်း၊ ထိုင်းဘတ် (၆၅၇၆ ဒသမ ၂) သန်း၊ အိန္ဒိယရူပီး (၇၄ ဒသမ ၅) သန်းခန့်တို့အား သွင်းကုန်လုပ်ငန်းရှင်များသို့ ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၂၅၅ ဒသမ ၄) သန်း၊ တရုတ်ယွမ် (၈၉ ဒသမ ၉)သန်း၊ ထိုင်းဘတ် (၇၆၂ ဒသမ ၆) သန်း၊ အိန္ဒိယရူပီး (၁၃ ဒသမ ၃)သန်းခန့်တို့အား ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်လည်း ဧပြီလမှ အောက်တိုဘာလအထိ စက်သုံးဆီ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာနှင့် အခြားကုန်စည်များ တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ (၁၇၀၂ ဒသမ ၄) သန်းခန့်အား ရောင်းချပေးခဲ့ပြီး နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၁၃၀ ဒသမ ၈) သန်းခန့်ကို Market Trading Rate (ကျပ် ၃၆၆၀) ဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News