NP News

နိုင်ငံခြားငွေကိုင်ထားသူများ၏ ငွေကြေးကစားမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် လဲလှယ်နှုန်းမြင့်တက်နေဟု သမ္မတပြော

သန့်ဇင်(NP News)-နိုဝင်ဘာ ၂၆

နိုင်ငံခြားငွေကိုင်ထားသူများ၏ ငွေကြေးကစားမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် လဲလှယ်နှုန်းမြင့်တက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်က ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်) မွန်းလွဲပိုင်းကနေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတွင် ပြောကြားခဲ့သည်။

စီးပွားရေးဆိုင်ရာများနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားများအနေဖြင့် နှုန်းထားတစ်ခုတွင် ရောက်ရှိ လျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံခြားငွေများ ကိုင်ထားသူများရှိကြပြီး ၎င်းတို့၏ ငွေကြေးဈေးကစားမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် လဲလှယ်နှုန်းမြင့်တက်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့ကြောင့် ငွေကြေးတန်ဖိုးများနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည့် နှုန်းထားဖြစ်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

ဝင်ငွေနည်းသူများအနေဖြင့် စားရေးအဆင်ပြေစေရေး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းစဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေး၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သူများ ဝင်ငွေတိုးပွားစေရေး၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စားဝတ်နေရေး အဆင်ပြေစေရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

တာဝန်ရှိသည့် အဖွဲ့အစည်းများအနေဖြင့် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာစေရေး စီမံကြပ်မတ်ဆောင်ရွက်သွား ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတကဆိုသည်။

မူရင်းသတင်း — NP News