Myanmar Digital News

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်(ဖြူ/နီ) ၅၅၈ ဧကထိ စိုက်ပျိုးပြီးစီး

ပွင့်ဖြူ နိုဝင်ဘာ ၂၅

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်နီ ၁၁၃၅ ဧက၊ ကြက်သွန်ဖြူ ၃၈ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ကြက်သွန်နီ ဧက ၅၂၀ နှင့် ကြက်သွန်ဖြူ ၃၈ ဧက စုစုပေါင်းကြက်သွန်(ဖြူ/နီ) ၅၅၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

 

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ ၁၁၃၅ ဧကနဲ့ ကြက်သွန်ဖြူ ၃၈ ဧကတို့ စိုက်ပျိုးဖို့ လျာထားပါတယ်။ လက်ရှိမှာ ကြက်သွန် (ဖြူ/နီ) စိုက်ပျိုးတဲ့ တောင်သူတွေကို အထွက်နှုန်း တိုးတက်စေဖို့၊ အရည်အသွေး ကောင်းမွန်စေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သီးနှံများထွက်ရှိစေဖို့အတွက် လိုအပ်တဲ့စိုက်ပျိုးရေး နည်းပညာပေးတာတွေကို မြေပြင်ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ကြက်သွန်နီဈေးက ပြန်လည်ကောင်းလာတဲ့အတွက် ယခုနှစ်မှာ တောင်သူတွေက ပိုမိုစိုက်ပျိုးလာကြပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများ တိုးတက်စေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးစသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

မူရင်းသတင်း — Myanmar Digital News