Myanmar Digital News

အေအာတီသောက်သုံးလျက်ရှိသော လူနာများအတွက် ဆေးဝါးများ ပြတ်လပ်ခြင်းမရှိအောင် ဆောင်ရွက်ထား

နေပြည်တော် နိုဝင်ဘာ ၂၅

 

နိုင်ငံတော်က အေအာတီဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိပြီး အေအာတီသောက်သုံးလျက်ရှိသော လူနာများအတွက် ဆေးဝါးများ ပြတ်လပ်ခြင်းမရှိအောင် ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၌ ကျင်းပသည့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀) အသိပေးမိတ်ဆက်ခြင်း အခမ်းအနားတွင် ပြောကြားသည်။

 

ထို့ပြင် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်းများကို ငါးနှစ်တစ်ကြိမ်ရေးဆွဲပြီး အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အဓိကရည်မှန်းချက်များအဖြစ် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူများ၏ ၉၅ ရာခိုင်နှုန်းသည် ရောဂါပိုးရှိနေကြောင်း သိရှိရန်၊ အိပ်ချ်အိုင်ဗွီပိုးရှိကြောင်း စစ်ဆေးသိရှိထားသူများ၏ ၉၅ ရာခိုင်နှုန်းသည် အေအာတီဆေးကုသမှုရရှိရန်၊ အေအာတီဆေးသောက်သုံးနေသူများ၏ ၉၅ ရာခိုင်နှုန်းသည် ပိုးကောင်ရေထိန်းချုပ်မှုရရှိရန်နှင့် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီနှင့် ဆစ်ဖလစ်ပိုးကူးစက်မှုကင်းဝေးရန် သတ်မှတ်ထားကြောင်း ပြောကြားပြီး အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု ပြခန်းကိုကြည့်ရှုသည်။

 

ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀) ၏ အဓိကမျှော်မှန်းချက်သည် ၂၀၃၀ ပြည့်နှစ်တွင် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ အဆုံးသတ်နိုင်ရေးဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ယင်းမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အဓိကကဏ္ဍခြောက်ရပ်ဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် နှီးနွှယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီပိုးနှင့် နေထိုင်သူများ ကွန်ရက်နှင့် ဦးတည်အုပ်စုဝင်ကွန်ရက်များမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News