Myanmar Digital News

မင်းလှမြို့၌ မြန်မာ့ရိုးရာတန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

အထက်မင်းလှ  နိုဝင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး မင်းလှမြို့တွင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအစဉ်အလာများ ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ်  ရိုးရာလှေလှော်ပြိုင်ပွဲကို   ယနေ့နံနက်  ၉  နာရီက တောင်ရပ်ကွက်ရှိ  ဧရာဝတီမြစ်ကမ်းဘေး၌ ကျင်းပသည်။

ကပြဖျော်ဖြေ

အဆိုပါ   ရိုးရာလှေလှော်ပြိုင်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်ကိုကိုက ယနေ့ကျင်းပသည့်   လှေလှော်ပြိုင်ပွဲသည်  အားကစားပြိုင်ပွဲ တစ်ခုမျှသာမက ဒေသ၏သဘာဝ အရင်းအမြစ်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လူမှုအသိုက်အဝန်းအတွင်း စည်းလုံး ညီညွတ်မှုတို့ကို ဖော်ထုတ်ပြသနိုင်သည့် အဓိပ္ပာယ်ပြည့်ဝသော အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း၊ လှေလှော်အားကစားသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှုကို ဖြစ်စေရုံသာမက စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဇွဲလုံ့လ၊  စည်းကမ်းလိုက်နာမှု၊ အဖွဲ့အစည်းစိတ်ဓာတ်နှင့် စုပေါင်းညီညွတ်မှုတို့ကိုလည်း တိုးတက်စေသည့်  အားကစားနည်းတစ်ရပ်ဖြစ်ကြောင်းနှင့်  လှေလှော်ပြိုင်ပွဲတွင် အသင်းအဖွဲ့တစ်ဖွဲ့လုံး၏ စည်းချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှုသည်   အောင်မြင်မှုရရှိရေးအတွက် အဓိကကျကြောင်း ပြောကြားခဲ့ပြီး  မင်းလှမြို့ တောင်ရပ်ကွက် ယိမ်းသမလေးများအဖွဲ့က ရှမ်းရိုးမက အိုးစည်သံ သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ပြိုင်ပွဲအပြီးတွင်  ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသားမီတာ ၅၀၀ လှေလှော်ပြိုင်ပွဲတွင်  ပထမဆုရရှိသည့် မုန်တိုင်းအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက  လည်းကောင်း၊ ဒုတိယဆုရရှိသည့် ဗိုလ်ဗိုလ်အသင်းအား  ဂုဏ်ပြုချီးမြှင့်ငွေကျပ်ခု နစ်သိန်းကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညိုက လည်းကောင်း၊ တတိယဆုရရှိသည့် ရန်ကြီးအောင်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်  ငါးသိန်းကို တိုင်းဒေသကြီး သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းမြင့်အေးက  လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်   အမျိုးသားအသင်းနှစ်သင်း၊ အမျိုးသမီးအသင်း နှစ်သင်းနှင့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများကို   တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။        

မြို့နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News