Myanmar Digital News

နမ့်စန်မြို့နယ်၌ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

နမ့်စန် နိုဝင်ဘာ ၂၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ပထမ အကြိမ် တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက အမှတ်(၂)ကျေးရွာအနီး နမ့်စန်- ခိုလမ် ပြည်ထောင်စုလမ်းမကြီးဘေး ကွင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် ဇော်ဝင်းထွန်းနှင့် တပ်မတော် အရာရှိများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနေပြည်သူ့စစ်အဖွဲ့ မှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဖျော်ဖြေရေးအကအဖွဲ့များက ပွဲတော်ညသီချင်းဖြင့် စုပေါင်းသီဆိုကပြ‌ခဲ့ပြီး ပွဲတော်တက်ရောက်လာကြသူ ပြည်သူများက မီးပုံးပျံငယ် စုစုပေါင်းအလုံး ၃၀၀ ကို စုပေါင်းလွှတ်တင်ခဲ့ကြပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြသည်။

 

ယင်းနောက် နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဖျော်ဖြေရေးအကအဖွဲ့များက ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဆက်လက်၍ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ပြည်သူများက စိန်နားပန်မီးပုံးပျံတစ်လုံးနှင့် ညမီးကြီး မီးပုံးပျံသုံးလုံး တို့ကို စုပေါင်းလွှတ်တင်ခဲ့ကြပြီး မီးပုံပွဲကို ပျော်ရွှင်စွာ စုပေါင်းကျင်းပခဲ့ကြောင်း သိရသည်။

 

သူရအောင်(နမ့်စန်)

မူရင်းသတင်း — Myanmar Digital News