၂၆.၁၁.၂၀၂၆
Translated by Htwe Ko Tun
ဂရိနိုင်ငံတွင် အေသင်မြို့တော်နှင့် သက်ဆလိုနီကီမြို့တို့အပြင် ပက်ထရက်စ်၊ ကာလာမာတာနှင့် အခြားမြို့များစွာတို့၌ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် လုပ်ခလစာ တိုးမြှင့်ပေးရန်အတွက် ၂၄ နာရီကြာ နိုင်ငံလုံးဆိုင်ရာ သပိတ်မှောက် ဆန္ဒပြပွဲများ နိုဝင်ဘာ ၂၅ ရက် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ ခန့်မှန်းချက်အရ အေသင်မြို့နှင့် သက်ဆလိုနီကီမြို့တို့ တွင် လူ ၁၄,၀၀၀ ခန့် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
သပိတ်မှောက် ဆန္ဒပြသူများတွင် ပြည်သူ့ဝန်ထမ်းများ၊ ဆိပ်ကမ်းအလုပ်သမားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် အငြိမ်းစားများပါ ပါဝင်ခဲ့ကြပြီး အေသင်မြို့၌ ဂရိလွှတ်တော်ရှေ့တွင် စုဝေးခဲ့ကြသည်။ ဆန္ဒပြသူများက ဆိုင်းဘုတ်များနှင့် အလံနီများကို ကိုင်ဆောင်ကာ ဂရိလွှတ်တော်အဆောက်အအုံ အပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်များ၏ စောင့်ကြည့်မှုအောက်တွင် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။
နေထိုင်မှုစရိတ် မြင့်တက်လာခြင်းကြောင့် ၎င်းတို့၏ ဝယ်ယူနိုင်စွမ်းအား ကျဆင်းလာနေချိန်တွင် အလုပ်သမားများ၊ ကျောင်းသားများနှင့် အငြိမ်းစားများက လုပ်ခလစာ တိုးမြှင့်ပေးရန်၊ လုပ်ငန်းခွင် အခြေအနေများ ပိုမိုကောင်းမွန်လာစေရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် ဆန္ဒပြပွဲ၌ တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြမှုများကြောင့် သယ်ယူပို့ဆောင်ရေးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ အေသင်-မက်ထရို ရထားပြေးဆွဲမှုများ ရပ်ဆိုင်းခြင်း သို့မဟုတ် ကန့်သတ်ပြေးဆွဲခြင်း၊ သင်္ဘောများ ဆိပ်ကမ်းတွင် ရပ်နားထားရခြင်းနှင့် ဒေသတွင်းလေဆိပ် ၁၅ ခုသို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ဂရိအမျိုးသား စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အဆိုအရ အောက်တိုဘာလတွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှု နှုန်း ၅ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် အိမ်ငှားခများ ကြီးမြင့်လာမှုကြောင့် မိသားစုများ၏ ဝယ်ယူအားကျဆင်းနေသည်။ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာမှုကြောင့် အိမ်ရာစရိတ်များ မြင့်တက်နေပြီး လူငယ်အချို့မှာ ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းကျော်ကို အိမ်ရာအတွက် သုံးစွဲနေရသည်။
လာမည့်နှစ် ရွေးကောက်ပွဲတွင် တတိယသက်တမ်း ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ဝန်ကြီးချုပ် ကီရီယာ ကော့စ် မစ်ဆိုတာကစ်၏ အစိုးရက အခွန်လျှော့ချမှုများနှင့် အကူအညီများအတွက် ယူရို ၂ ဒသမ ၂ ဘီလျံခန့် ကတိပြုထားပြီး ပြန်လည်ရွေးကောက်ခံရပါက ၂၀၂၈ ခုနှစ်အစောပိုင်းတွင် အနိမ့်ဆုံးလစာကို ယူရို ၁,၀၀၀ အထိ တိုးမြှင့်ပေးရန်နှင့် ၂၀၂၇ ခုနှစ်မှစ၍ ပြည်သူ့ဝန်ထမ်းများအား ယူရို ၅၀၀ ခရစ္စမတ်ဘောနပ်စ် ပေးရန် အဆိုပြုထားသည်။
Ref: euronews

