Yo Yar Lay

ကွယ်လွန်သွားပြီဖြစ်တဲ့ ဂန္ထဝင်မင်းသားကြီး အန်ဆောင်းဂီက တစ်သက်တာရုပ်ရှင်ထူးချွန်ဆု ရရှိ

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ဆိုးလ်မြို့ KBS Hall မှာ ကျင်းပခဲ့တဲ့ ၄၇ ကြိမ်မြောက် Blue Dragon Film Awards (နဂါးပြာရုပ်ရှင်ထူးချွန်ဆုပေးပွဲ) မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလက ကွယ်လွန်သွားခဲ့တဲ့ တောင်ကိုရီးယားရဲ့ ဂန္ထဝင်မင်းသားကြီး အန်ဆောင်းဂီ ကို တစ်သက်တာရုပ်ရှင်ထူးချွန်ဆု (Lifetime Achievement Award) ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။

ဒီဆုကို မင်းသား လီဂျောင်ဂျေးက ဆုပေးအပ်သူအဖြစ် တက်ရောက်ဂုဏ်ပြုပေးခဲ့ပြီး ပွဲတစ်ခုလုံးကို ဝမ်းနည်းစို့နင့်စေခဲ့ပါတယ်။

Artist Company အေဂျင်စီတစ်ခုတည်းက ဂျူနီယာတစ်ဦးဖြစ်သလို ဈာပနအခမ်းအနားမှာလည်း ကိုယ်တိုင်ဦးဆောင်ပို့ဆောင်ပေးခဲ့သူ လီဂျောင်ဂျေး ဟာ မင်းသားကြီး အန်ဆောင်းဂီ မရှိတော့တဲ့အတွက် ဆုပေးဖို့ စင်ပေါ်တက်လာချိန်မှာ အကြိမ်ကြိမ် တွေဝေခဲ့ရကြောင်း စင်မြင့်ထက်မှာ ပြောကြားခဲ့ပါတယ်။

သူအကြိုက်ဆုံး အန်ဆောင်းဂီရဲ့ ဇာတ်ကား Radio Star ထဲကလိုပဲ မင်းသားကြီးဟာ ရိုက်ကွင်းပေါ်မှာ ရိုက်ကူးရေးဝန်ထမ်းတိုင်းကို စောင့်ရှောက်ပေးတတ်သူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် နာမကျန်းဖြစ်နေချိန်မှာတောင် စိုးရိမ်နေကြတဲ့ ဂျူနီယာတွေကို ပြန်လည်နှစ်သိမ့်ပေးခဲ့ပြီး ” ဇာတ်ကားသစ်တစ်ကားနဲ့ ပြန်လာနှုတ်ဆက်ပါ့မယ် ” လို့ ကတိပေးခဲ့တဲ့ အကြောင်းကို ပြန်ပြောရင်း လီဂျောင်ဂျေးဟာ မျက်ရည်ကျကာ အသံတွေတုန်ယင်လာတဲ့အထိ ဝမ်းနည်းခဲ့ပါတယ်။

ကွယ်လွန်သူ မင်းသားကြီးရဲ့ ဒုတိယသားဖြစ်သူ Ahn Philip က ဖခင်ကိုယ်စား ဆုကို လက်ခံရယူခဲ့ပြီး ဖခင်ဖြစ်သူရဲ့ စိတ်နှလုံးထဲက စကားတွေအနေနဲ့ ပရိသတ်ကို ပြန်လည်ပြောကြားခဲ့ပါတယ်။ “ အားလုံးပဲ မင်္ဂလာပါ၊ မတွေ့ရတာ ကြာပါပြီ။ ဒီလို အဓိပ္ပာယ်ရှိတဲ့ ဆုကို ရရှိလို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တစ်သက်တာဆု ယူရလောက်အောင် ကျွန်တော် အသက်မကြီးသေးပါဘူးနော် ” လို့ ဖခင်ရဲ့ ပင်ကိုယ်ဟာသဉာဏ်အတိုင်း စတင်နှုတ်ဆက်ခဲ့ပါတယ်။ ဆက်လက်ပြီး ” လာမယ့်နှစ်ဆိုရင် ကျွန်တော် ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်ခဲ့တာ နှစ်ပေါင်း ၇၀ ပြည့်ပါပြီ။ ကျွန်တော့်အတွက် ရုပ်ရှင်ဆိုတာ ဘဝပါပဲ။ ရိုက်ကွင်းပေါ်မှာ ရှိနေရတဲ့အချိန်က အပျော်ရွှင်ရဆုံးပါ ” လို့ ပြောကြားရင်း ကိုရီးယားရုပ်ရှင်လောက ဆက်လက်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ကိုရီးယားပြည်သူ့အချစ်တော် မင်းသားအဖြစ် တင်စားခံရတဲ့ အန်ဆောင်းဂီဟာ ၁၉၅၇ ခုနှစ်မှာ ကလေးသရုပ်ဆောင်အဖြစ် စတင်ခဲ့ပြီး ဆယ်စုနှစ် ၆ ခုကျော်အတွင်း ရုပ်ရှင်ပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သွေးကင်ဆာရောဂါကို နှစ်အတော်ကြာ ခံစားခဲ့ရပြီးနောက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့၊ အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Ref: The late actor Ahn Sung-ki received a posthumous Lifetime Achievement Award presented by Lee Jung-jae

WL (ရိုးရာလေး)

မူရင်းသတင်း — Yo Yar Lay