၂၅.၁၁.၂၀၂၆
Translated by Htwe Ko Tun
ပွာတိုရီကိုနိုင်ငံ၊ ဆန်ဂျွန်းမြို့ရှိ Coliseo de Puerto Rico Jose Miguel Agrelot အားကစားကွင်း၌ ကျင်းပပြုလုပ်သော ၇၅ ကြိမ်မြောက် Miss Universe 2026 မယ်စကြာဝဠာ ၂၀၂၆ အလှမယ်ပြိုင်ပွဲတွင် ပွာတိုရီကိုနိုင်ငံမှ အလှမယ် ဂျနီဖာ ဘာရီတိုက ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် ညပိုင်း၌ အလှမယ်ဘုရင်မအသစ်အဖြစ် သရဖူဆောင်းပေးအပ်ခြင်းခံရကာ အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။
စကြာဝဠာတစ်ခုလုံးတွင် အလှပဆုံးနေ့ဟု တင်စားခေါ်ဝေါ်ကြသည့် ဤပွဲစဉ်တွင် ပွာတိုရီကိုအလှမယ် ဂျနီဖာ ဘာရီတိုက ကမ္ဘာတစ်ဝန်းမှ ပါဝင်ယှဉ်ပြိုင်သူ ၁၁၅ ဦးကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အလှမယ်ဘုရင်မအသစ် ဘာရီတိုသည် ပြီးခဲ့သည့်နှစ်က အနိုင်ရရှိခဲ့သူ မက္ကဆီကိုနိုင်ငံမှ အလှမယ် ဖာတီမာ ဘော့စ်ချ်ထံမှ ဤဘွဲ့ကို လက်ဆင့်ကမ်းရယူခဲ့ခြင်း ဖြစ်သည်။ ဖာတီမာ ဘော့စ်ချ်သည် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သော ၇၄ ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်သော်လည်း၊ သူမ၏ အနိုင်ရရှိမှုအပေါ် လူအများက ယနေ့တိုင် ကန့်ကွက်ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။
၂၀၀၁ ခုနှစ်က ကျင်းပခဲ့သည့် အကြိမ် ၅၀ မြောက် Miss Universe ပြိုင်ပွဲ တွင် အိမ်ရှင် ပွာတိုရီကို နိုင်ငံကိုယ်စားပြု အလှမယ် ဒီနစ် ကွီနိုနီးစ် အနိုင်ရရှိခဲ့ပြီးနောက် ယခုအခါ ဘာရီတိုက ၎င်း၏ မွေးရပ်မြေ၌ပင် အနိုင်ရရှိသည့် ဒုတိယမြောက် ပွာတိုရီကို နိုင်ငံသူ အလှမယ် ဖြစ်လာခဲ့သည်။
ကာရေဘီယန်ဒေသရှိ အမေရိကန်ပိုင်နက်နယ်မြေတစ်ခုဖြစ်သော ပွာတိုရီကိုနိုင်ငံသည် Miss Universe ပြိုင်ပွဲသမိုင်းတွင် အောင်မြင်မှုအများဆုံး နိုင်ငံ/ဒေသများစာရင်း၌ တတိယနေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး စုစုပေါင်း ခြောက်ကြိမ် အနိုင်ရရှိထားသည်။ ၎င်းက ဗင်နီဇွဲလား နိုင်ငံ၏ ခုနှစ်ကြိမ် အနိုင်ရရှိထားမှုနှင့် ပိုမိုနီးကပ်လာပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကမူ အလှမယ်ဘုရင်မ ၉ ဦးဖြင့် ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။
ဒိုမီနီကန်သမ္မတနိုင်ငံမှ အလှမယ် မီလစ်ဆာ နျူနက်ဇ်မှာ သရဖူဆွတ်ခူးရန် အလွန်နီးစပ်ခဲ့သော်လည်း First runner-up နေရာတွင်သာ ရပ်တည်ခဲ့ရသည်။ ဗင်နီဇွဲလားနိုင်ငံမှ ကလာရာ ဗီဂါးစ်က Second runner-up အဖြစ် ကြေညာခံခဲ့ရသည်။
ဖိလစ်ပိုင် အလှမယ် ဘီး မီလန် ဝင်ဒေါစကီး (Bea Millan-Windorski) က Third runner-up နေရာကို ရရှိခဲ့ပြီး နယူးဇီလန်နိုင်ငံမှ အလှမယ် ဂျော်ဂျီယာ ဝါ့ဒ်ဒင်တန် (Georgia Waddington) က Fourth runner-up ဖြစ်လာခဲ့သည်။
ဗိုလ်လုပွဲညတွင် ၂၀၂၇ ခုနှစ် Miss Universe ပြိုင်ပွဲကို ကော့စတာရီကာနိုင်ငံ၌ ကျင်းပသွားမည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။
Ref-inquirer.net