Eleven Media Group

■ Miss Universe 2026 သရဖူကို ပွာတိုရီကိုအလှမယ် ဆွတ်ခူး၊ အိမ်ထောင်ရှင်မိခင်တစ်ဦးက ပထမဆုံးအကြိမ် Winner ဆုရှင်ဖြစ်လာ

၂၀၂၆ ခုနှစ် Miss Universe ပြိုင်ပွဲတွင် အိမ်ရှင်ပွာတိုရီကိုနိုင်ငံ၏ ကိုယ်စားပြုအလှမယ် အသက် ၂၇ နှစ်အရွယ်ရှိ ဂျန်နီဖာ ဘာရက်တိုက Winner ဆုကို ဆွတ်ခူးသွားသည်။

ပွာတိုရီကိုနိုင်ငံ၊ ဆန်ဟွမ်မြို့တွင် နိုဝင်ဘာ ၂၄ ရက်ညက ကျင်းပသည့် ၇၅ ကြိမ်မြောက် Miss Universe ပြိုင်ပွဲတွင် ၇ နှစ်အရွယ် သမီးလေးတစ်ဦးရှိသည့် ဘာရက်တိုက အိမ်ထောင်ရှင်အမျိုးသမီးနှင့် မိခင်တစ်ဦးအဖြစ် Miss Universe ဆုကို ပထမဆုံးအကြိမ် ရရှိသူဖြစ်လာသည်။ Miss Universe ပြိုင်ပွဲတွင် အိမ်ထောင်ရှိသူများနှင့် ကလေးရှိသူများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုခဲ့ဘဲ ၂၀၂၃ ခုနှစ်မှစတင်ကာ စည်းမျဉ်းများ ပြောင်းလဲခဲ့သည်။

ယခုနှစ်ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝန်းမှ အလှမယ် ၁၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ညနေခင်းဝတ်စုံနှင့် ရေကူးဝတ်စုံ ပြိုင်ပွဲများအပြီးတွင် အလှမယ် ၅ ဦးသာ နောက်ဆုံးအဆင့် အင်တာဗျူးအစီအစဉ်သို့ တက်ရောက်ခွင့်ရခဲ့သည်။

အင်တာဗျူးတွင် ဘာရက်တိုအား AI နည်းပညာ တိုးတက်လာချိန် လူသားများအနေဖြင့် မည်သည့်တန်ဖိုးကို ဆုံးရှုံးမခံသင့်သလဲဟု မေးမြန်းခဲ့ရာ ဘာရက်တိုက AI နည်းပညာသည် လူ့အဖွဲ့အစည်းအတွင်း ဆက်လက်ရှိနေမည်ဖြစ်သဖြင့် သတိထားအသုံးပြုရန်သာ အရေးကြီးသည်ဟု ဖြေကြားခဲ့သည်။

ထို့နောက် အလှမယ်ငါးဦးစလုံးကို “လက်ရှိမှာ ကမ္ဘာကြီးအနေနဲ့ ခေါင်းဆောင်တွေဆီက ဘာအလိုအပ်ဆုံးဖြစ်မလဲ” ဆိုသည့် မေးခွန်းတစ်ခုတည်းကို မေးမြန်းခဲ့ရာ ဘာရက်တိုက ကမ္ဘာကြီးအနေဖြင့် ကျွမ်းကျင်မှုရှိပြီး ထိရောက်စွာ ဦးဆောင်နိုင်သည့် ခေါင်းဆောင်များ လိုအပ်နေကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိတို့ကိုယ်တိုင် ရပ်တည်နိုင်ရုံသာမက အခြားသူများအတွက်လည်း စံနမူနာကောင်းဖြစ်အောင် ပြသရန် လိုအပ်ကြောင်း၊ မိမိသည်လည်း ထိုကဲ့သို့ ခေါင်းဆောင်တစ်ဦးဖြစ်လာရန် မျှော်လင့်ကြောင်း၊ လူထု၏ လိုအပ်ချက်များကို နားထောင်ပြီး ယင်းလိုအပ်ချက်များနှင့် ကိုက်ညီအောင် မဟာဗျူဟာများကို ပြောင်းလဲကာ အန္တရာယ်ရှိနိုင်သည့် အပြုအမူများကို ကြိုတင်ကာကွယ်နိုင်ပါက ရေရှည်အကျိုးသက်ရောက်မှု ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဖြေခဲ့သည်။

ဘာရက်တိုသည် Miss Universe ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံရချိန် အမေရိကန်စစ်တပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် ပြင်ဆင်နေသူ ဖြစ်သည်။ လက်ရှိတွင် ၎င်းသည် အမေရိကန် စစ်ဘက်ဆိုင်ရာဌာနတွင် ကြိုတင်ကာကွယ်ရေး အထူးကျွမ်းကျင်သူနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည်။

၂၀၂၅ ခုနှစ် Miss Universe ဆုရှင် မက္ကဆီကိုအလှမယ် ဖာတီမာ ဘော့ရှ်က ဘာရက်တိုအား Miss Universe 2026 သရဖူကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒိုမီနီကန်အလှမယ်က ဒုတိယဆု၊ ဗင်နီဇွဲလားအလှမယ်က တတိယဆု ရရှိခဲ့သည်။

Ref: Business Insider
Photo: USA Today & Hola!

မူရင်းသတင်း — Eleven Media Group