




၂၆.၁၁.၂၀၂၆
Written By Thandar
syn4U x MRTV-4 က စီစဉ်ကျင်းပမယ့် ဂီတလောကအတွက် အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်အဆိုရှင် မွေးထုတ်ပေးမယ့် syn4U SPOTLIGHT Music Contest Press Conference အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် တာဝါလမ်းရှိ ခြံအမှတ် ၂၂ မြင်ခင်းစိမ်းပေါ်မှာ ကျင်းပခဲ့ရာ Winner ဆုကို ငွေကျပ်သိန်း ၁,၀၀၀ ချီးမြှင့်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“မျိုးဆက်သစ် အဆိုရှင်ကောင်းတွေ မွေးထုတ်ပေးဖို့ရယ် နိုင်ငံတစ်ဝန်းရှိ ပုန်းကွယ်နေတဲ့ ဂီတပါရမီရှင် လူငယ်တွေကို ပရိသတ်ရှေ့မှောက်ကို ယုံကြည်မှုရှိရှိ ထွက်ပေါ်လာစေဖို့ပါ။ syn4U က မြန်မာ့ဂီတချစ်သူ ပရိသတ်တွေနဲ့ အနုပညာရှင်တွေအကြား ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်ဖို့ ဖန်တီးထားဖို့ပါ။ ဒါပြင် ခေတ်မီ Music Social Application တစ်ခုဖြစ်ပါတယ်။ မြန်မာတေးသီချင်း တွေကို အရည်အသွေးကောင်းအောင် နားဆင်နိုင်ရုံသာမက ပြည်တွင်းဂီတဖန်တီးသူတွေနဲ့မျိုးဆက်သစ် အနုပညာရှင်တွေရဲ့ ဖန်တီးမှုတွေ တိုးတက်မြင့်မားလာစေဖို့ပံ့ပိုးပေးမှာပါ “လို့ ဒိုင်ဖြစ်သူ တေးရေးတေးဆို ဆရာမြင့်မိုးအောင်က ပြောပါတယ်။
အဆိုဝါသနာရှင်တွေရဲ့ ပါရမီနဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပေးမယ့် ဒီပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင်တွေအနေနဲ့ တေးရေး ဆရာမြင့်မိုးအောင်၊ Presenter , Show Director, သရုပ်ဆောင် ဇင်အောင်၊ တေးရေးအဆိုတော် နီနီခင်ဇော်နဲ့ တေးရေး တေးဆို ဒါရိုက်တာ ဂီတမှူးအောင်ကိုလတ်က ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ Audition ကို နိုဝင်ဘာ ၂၁ ရက်နေ့ကနေ
ဒီဇင်ဘာ ၃၁ ရက်နေ့အထိ https://forms.gle/Lu5P5hT5qMY1NDfLA ကနေ Registration Form ကို ဖြည့်သွင်းပြီး Online ကလျှောက်ထားနိုင်တယ်ဆိုသလို Online Audition အောင်မြင်သူတွေက လာမယ့် ဇန်နဝါရီလ ပထမပတ်မှာလူတွေ့ Audition အဆင့်ကို ဆက်လက်ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကာလကို ၃ လတာ ယှဉ်ပြိုင်မှုခရီးစဉ်ကို MRTV-4 နဲ့ syn4U YouTube Channel တို့ကတစ် ဆင့် စောင့်မျှော်ကြည့်ရှု့ရင်း Voting ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ syn4U SPOTLIGHT မှာ ဆုကြေးငွေအနေနဲ့ ပထမဆု Winner ဆုကို ကျပ်သိန်း ၁,၀၀၀၊ ဒုတိယဆု 1st Runner Up ဆုကို ကျပ်သိန်း ၅၀၀ ချီးမြှင့်မှာလည်းဖြစ်ပါတယ်။