
ALynn (NP News)- နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ စီရင်ချက်ကို ဗြိတိန်အစိုးရက တရားဝင် အသိအမှတ်မပြုမီ သဘောထားကွဲလွဲသည့် တရားသူကြီးများ ထောက်ပြခဲ့သော စိုးရိမ်ပူပန်မှုများအပေါ် မည်သို့ အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်ခဲ့သလဲဟု အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ အမတ် ကယ်လာနန်က နိုဝင်ဘာ (၂၅) ရက်က ကျင်းပခဲ့သည့် ဗြိတိန်အထက်လွှတ်တော်ဆွေးနွေးပွဲတွင် မေးခွန်းထုတ်ခဲ့သည်။
ICJ တရားသူကြီးများသည် မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်၊ မမြောက် ဆုံးဖြတ်ရာတွင် (၉ မဲ၊ ၆ မဲ) ဖြင့် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း ကယ်လာနန်က ထောက်ပြခဲ့သည်။
ထို့ကြောင့် သဘောထားကွဲလွဲသည့် တရားသူကြီးများက မြန်မာနိုင်ငံ၏ လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်အပေါ် တရားရုံး၏ သက်သေပြချက်၊ သက်သေပြမှု စံနှုန်းနှင့် အထောက်အထား ကိုင်တွယ်ပုံတို့နှင့် စပ်လျဉ်း၍ အရေးကြီးသော မေးခွန်းများ ထုတ်ထားသည့်အပေါ် စိုးရိမ်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် ICJ တရားရုံးက အားကိုးအားထားပြုခဲ့သည့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အထောက်အထားများ၏ ယုံကြည်စိတ်ချရမှုအပေါ် ဝန်ကြီးများအနေဖြင့် မည်သို့ သုံးသပ်ထားသနည်းဟုလည်း ၎င်းက မေးမြန်းခဲ့သည်။
အလားတူ နိုဝင်ဘာ (၂၃) ရက်က အောက်လွှတ်တော် ဆွေးနွေးပွဲတွင် အတိုက်အခံ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ မော်တန် က အဆိုပါ (၉ မဲ၊ ၆ မဲ) ရလဒ်နှင့် သဘောထားကွဲလွဲသည့် တရားသူကြီးများ၏ ထောက်ပြချက်များကို ကိုးကား၍ မြန်မာဘက်က လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ခိုင်လုံစွာ သက်သေပြနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့သေးသည်။
ထို့အတူ ကယ်လာနန်က ဗြိတိန်အစိုးရအနေဖြင့် မြန်မာစစ်သံမှူးကို နှင်ထုတ်ခဲ့ခြင်းနှင့် မြန်မာသံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ခဲ့ခြင်းတို့မှာ မှန်ကန်သော သံတမန်ရေးရာ လုပ်ရပ်များ ဖြစ်သော်လည်း ယင်းခြေလှမ်းများကြောင့် မည်သည့် လက်တွေ့အကျိုးသက်ရောက်မှုများ ရရှိခဲ့သနည်းဟု မေးမြန်းခဲ့သည်။
လူမျိုးသုဉ်းသတ်ဖြတ်မှု ရာဇဝတ်မှုသည် နိုင်ငံရေးအရ အသုံးချခံ ဥပဒေရေးရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်လာနိုင်သည့် အန္တရာယ်အပေါ် စိုးရိမ်မှုများ မြင့်တက်နေကြောင်းနှင့် အများစုက အစ္စရေး-ဂါဇာ ပဋိပက္ခ ရှုထောင့်မှတစ်ဆင့် ရှုမြင်နေကြကြောင်း ကယ်လာနန်က ထောက်ပြခဲ့သည်။
ချီတက်ဆန္ဒပြပွဲများနှင့် ပါလက်စတိုင်း လှုပ်ရှားမှု ဆန္ဒပြပွဲများ မည်မျှပင် ဖြစ်ပေါ်စေကာမူ ဗြိတိန်အစိုးရ ဝန်ကြီးများအနေဖြင့် နိုင်ငံရေးဖိအားများကို အညံ့ခံမည်မဟုတ်ဘဲ နိုင်ငံတကာဥပဒေ၏ ဂုဏ်သိက္ခာကို ဆက်လက်ကာကွယ်ကာ ဥပဒေကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချခြင်းအား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အာမခံချက် ပေးနိုင်ပါသလားဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။