NP News

​ပက်ထရီးယော့ ဒုံးကျည်ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် တုံ့ပြန်

ဂျန်ဇက်(NP News)- နိုဝင်ဘာ ၂၆
ပက်ထရီးယော့ ဒုံးကျည် ထုတ်လုပ်မှု တိုးမြှင့်ရန်အတွက် အမေရိကန်အနေဖြင့် ဥရောပမိတ်ဖက်များ၊ ယူကရိန်းတို့နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် လုပ်ဆောင်နေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။
သို့သော် အမေရိကန်၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေသည့် ငွေကြေးပေးချေပြီးသား ကြားဖြတ်ဒုံးကျည် ဒါဇင်ပေါင်းများစွာ ပေးပို့မည့်အစီအစဉ်နှင့် ပတ်သက်၍မူ တစ်စုံတစ်ရာ ရှင်းလင်းပြောကြားခြင်း မရှိပေ။
ဒုံးကျည်ပေးပို့မှု နှောင့်နှေးနေသည်ဟူသော သတင်းများနှင့် ပတ်သက်၍ (VOA) ယူကရိန်းသတင်းဌာန၏ မေးမြန်းမှုကို ပင်တဂွန်က ဖြေကြားရာတွင် အမေရိကန်အစိုးရသည် လက်ရှိနှင့် အနာဂတ် Patriot ဒုံးကျည်မျိုးကွဲများအတွက် နိုင်ငံတကာ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များ အားကောင်းလာစေရေး ကြိုးပမ်းမှုများကို အစဉ်တစိုက် ထောက်ခံအားပေးခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း ပင်တဂွန်သည် ပေးပို့မှု နှောင့်နှေးနေသည်ဟူသော သတင်းများကို အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုခဲ့သလို၊ ကျန်ရှိနေသော ကြားဖြတ်ဒုံးကျည်များ ထုတ်ပေးမည့် အချိန်ဇယားကိုလည်း မပေးခဲ့ဘဲ ယူကရိန်းအတွက် ထုတ်လုပ်ခွင့်လိုင်စင် အသစ်များကိုလည်း ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေ။
ယူကရိန်းသို့ Patriot ဒုံးကျည် (၄၈) စင်း ပေးပို့မည့် သဘောတူညီချက်သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆီ (Pete Hegseth) ၏ စားပွဲပေါ်တွင် လက်မှတ်မထိုးရသေးဘဲ ရှိနေဆဲဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောကြားပြီး နောက်တစ်နေ့တွင် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ ကြားဖြတ်ဒုံးကျည်များအတွက် နေတိုး (NATO) ၏ ဦးစားပေး ယူကရိန်းလိုအပ်ချက်များစာရင်း (PURL) အစီအစဉ်မှတစ်ဆင့် ရန်ပုံငွေ ပေးချေပြီးဖြစ်သည်။
အဆိုပါအစီအစဉ်သည် မဟာမိတ်နိုင်ငံများအနေဖြင့် ယူကရိန်းအတွက် အမေရိကန်လုပ် လက်နက်များ ဝယ်ယူရာတွင် ငွေကြေးထောက်ပံ့နိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်သည်။
ယူကရိန်းသမ္မတဇီလန်စကီးက ဆုံးဖြတ်ချက်သည် ဟက်ဆက်အပေါ်တွင်သာ လုံးဝမူတည်နေကြောင်း ပြောကြားခဲ့သည်။
ရုရှား၏ ပဲ့ထိန်းဒုံးကျည် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်များအပေါ် ဖိအားများ ပိုမိုမြင့်တက်လာစဉ် ယခုကဲ့သို့ ပေးပို့မှု နှောင့်နှေးနေသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန် ကာကွယ်ရေးလုပ်ငန်းစုကြီးသည် အမေရိကန်စက်ရုံပေါင်း ၂၀ ကျော်ကို ခေတ်မီအောင် ပြုပြင်ရန်နှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်မှု တိုးမြှင့်ရန်အတွက် ၂၀၃၀ ပြည့်နှစ်အထိ ဒေါ်လာ ၉ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

​

မူရင်းသတင်း — NP News