Positive Angle News

ထိုင်းဘုရင် မြဘုရားရုပ်ပွားတော်၏ ဆောင်းရာသီဝတ်လဲတော်ကို ကိုယ်တိုင်ပြောင်းလဲပူဇော်

(နိုင်ငံတကာ) နိုဝင်ဘာ ၂၆

ထိုင်းဘုရင်နှင့် မိဖုရားတို့သည် နိုဝင်ဘာ ၂၅ ရက်တွင် ဘန်ကောက်မြို့ရှိ မဟာနန်းတော်အတွင်း တည်ထားသည့် မြဘုရားကျောင်းသို့ သွားရောက်ကာ မြဘုရားရုပ်ပွားတော်၏ မိုးရာသီဝတ်လဲတော်မှ ဆောင်းရာသီဝတ်လဲတော်သို့ ပြောင်းလဲပူဇော်သည့် ရိုးရာတော်ဝင်အခမ်းအနားကို ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် ဘုရင်သည် ဘုရားဝတ်ပြုဆောင်အတွင်းသို့ ဝင်ရောက်ပြီး ပန်းကုံးတော်ဆက်ကပ်ကာ မြဘုရားရုပ်ပွားတော်အား ဦးညွှတ်ပူဇော်ခဲ့သည်။ ထို့နောက် မိုးရာသီဝတ်လဲတော်၏ ဦးရစ်တော်ကို ချွတ်ယူခဲ့ပြီး အောင်ပွဲခေါင်းလောင်းသံ၊ ခရုသင်းသံ၊ တံပိုးသံနှင့် သံစုံတီးဝိုင်းတေးဂီတသံများကြားတွင် ဘုရားရုပ်ပွားတော်၏ ပခုံးတော်ပေါ်သို့ ရေမွှေးရည်သွန်းလောင်းကာ အဖြူရောင်အဝတ်ဖြင့် ညင်သာစွာ သုတ်သင်ပေးခဲ့သည်။ ယင်းနောက် ဆောင်းရာသီဝတ်လဲတော် ဦးရစ်တော်ကို ဆင်မြန်းပေးခဲ့သည်။

ဆက်လက်၍ ဘုရင်သည် ပန်းများဆက်ကပ်ပူဇော်ခြင်း၊ အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ထွန်းညှိခြင်းတို့ ပြုလုပ်ခဲ့ပြီး ပထမရာမဘုရင်နှင့် ဒုတိယရာမဘုရင်တို့နှင့် ဆက်နွှယ်သည့် မြတ်စွာဘုရားရုပ်ပွားတော်များကိုလည်း ဦးညွှတ်ပူဇော်ခဲ့သည်။ မိဖုရားကလည်း ရိုသေမြတ်နိုးမှုအထိမ်းအမှတ်အဖြစ် အမွှေးတိုင်နှင့် ဖယောင်းတိုင်များ ထွန်းညှိပူဇော်ခဲ့သည်။

ထို့နောက် ဘုရင်သည် တော်ဝင်မိသားစုဝင်များအား သန့်ရှင်းမြင့်မြတ်သောရေများ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အစိုးရအရာရှိများအပေါ်လည်း သန့်ရှင်းသောရေများ ပက်ဖျန်းပေးခဲ့သည်။

ယင်းနောက် ဗြဟ္မာပုရောဟိတ်များက ရိုးရာထုံးတမ်းစဉ်လာအတိုင်း သန့်ရှင်းသောဖယောင်းတိုင်ကို သုံးပတ်တိုင်တိုင် လှည့်ပတ်ပူဇော်ခဲ့ကြပြီး မြဘုရားရုပ်ပွားတော် ကိန်းဝပ်စံပယ်တော်မူရာ ပလ္လင်တော်ကို နံ့သာရည်ဖြင့် သပ်လိမ်းပူဇော်ခဲ့ကြသည်။

အခမ်းအနားအဆုံးတွင် ဘုရင်နှင့် မိဖုရားတို့သည် နောက်ဆုံးအကြိမ် ဦးညွှတ်ပူဇော်ခဲ့ကြပြီး တော်ဝင်အခမ်းအနားသို့ တက်ရောက်လာသူများကို အသိအမှတ်ပြု နှုတ်ဆက်ခဲ့ကြသည်။ ပြန်လည်မထွက်ခွာမီ ဘုရင်သည် ဘုရားဝတ်ပြုဆောင်အပြင်ဘက်တွင် စုဝေးရောက်ရှိနေကြသည့် ပြည်သူများအပေါ် ဗုဒ္ဓဘာသာဆိုင်ရာ သန့်ရှင်းမြင့်မြတ်သောရေများ ပက်ဖျန်းပေးခဲ့သည်။

မူရင်းသတင်း — Positive Angle News