NP News

ICJ ၏စီရင်ဆုံးဖြတ်မှုများကို လက်မခံနိုင်ကြောင်းနှင့် MOFA ထုတ်ပြန်ချက် သဘောထား နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထပ်တူရပ်တည်ကြောင်း အဆိုတင်သွင်း

ပုလဲ (NP News) - နိုဝင်ဘာ ၂၆
နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည့် တရားမျှတမှု မရှိသော ICJ ၏စီရင်ဆုံးဖြတ်မှုများကို လက်မခံနိုင်ကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) ထုတ်ပြန်ချက် သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထပ်တူရပ်တည်ကြောင်း အဆိုကို ယနေ့ (နိုဝင်ဘာ ၂၆ရက်) က ကျင်းပသော တတိယအကြိမ်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ပဥ္စမနေ့တွင်တင်သွင်းခဲ့ပြီး မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အရေးပေါ်အစည်းအဝေး တွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးသူရိန်လင်းက နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) ထုတ်ပြန်ချက်ကို ပြန်လည်ဖတ်ကြားခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ပြီးခဲ့သည့် နိုဝင်ဘာ (၁၉) ရက် က ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထပ်တူရပ်တည်ပါကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့က တင်သွင်းခဲ့သည်။
“ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ချမှတ်ခဲ့သော စီရင်ချက်တွင် ပါရှိသည့် သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတဲ့ တရားမျှတမှု မရှိသော စီရင်ဆုံးဖြတ်မှုများကို လက်မခံနိုင်ပါကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ၁၉ ရက် ၊ ၁၁ လ၊ ၂၀၂၆ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထပ်တူရပ်တည်ပါကြောင်း အဆိုကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းအပ်ပါတယ်ခင်ဗျာ” ဟု ဦးသူရိန်လင်းက ဆိုသည်။
ထို့နောက် အဆိုကို လွှတ်တော်က မှတ်တမ်းတင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားများ ရယူခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အဆိုကို မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။
“ လွှတ်တော်က သဘောတူတဲ့အတွက် အင်းစိန်မြို့နယ် ကိုယ်စားလှယ် အမှတ် (၁) ဦးသူရိန်လင်း တင်သွင်းသော အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ၁၉ ရက် ၁၁ လ ၂၀၂၆ ရက်တွင် ချမှတ်ခဲ့သည့် စီရင်ချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် သဘောထားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထပ်တူရပ်တည်ပါကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု လွှတ်တော် ဥက္ကဋ္ဌက ဆိုသည်။

မူရင်းသတင်း — NP News