
ပုလဲ (NP News) - နိုဝင်ဘာ ၂၆
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်က အတည်ပြုပေးခဲ့သည်။
ယနေ့ (နိုဝင်ဘာ ၂၆ရက်) တွင်ကျင်းပသော တတိယအကြိမ်တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး ပဥ္စမနေ့တွင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ အကြံပြုချက်နှင့် အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် တင်ပြခဲ့သည်။
“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥပဒေကြမ်းကော်မတီရဲ့ အကြံပြုချက်နဲ့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြအပ်ပါတယ်ရှင်” ဟု ဒေါက်တာမေသန်းနွယ်က တင်ပြခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်များရယူခဲ့ပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။
“သဘောမတူသူ မရှိတဲ့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်”ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က ကြေညာခဲ့သည်။
၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက်ရန်ပုံငွေ ကျပ် ၂၂၉,၀၄၉ ဒသမ ၀၄၁ သန်း ထည့်သွင်းရေးဆွဲထားသော ဥပဒေကြမ်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်ကပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) တတိယနေ့အစီအစဉ်တွင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေကြမ်းသည် ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပေါ်တွင် မီတည်ပြီးရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။