
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၆
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများတွင် မေးခွန်း လုံးဝမမေးမြန်းသည့် ကိုယ်စားလှယ် (၁၁) ဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောကြားထားသည်။
ယနေ့ (နိုဝင်ဘာ ၂၆ရက်) တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ကျင်းပပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး လေးကြိမ်အတွင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် (၆၈) ဦးရှိကာ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့သည့် ကိုယ်စားလှယ် (၄၈) ဦးရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းများ လုံးဝမေးမြန်းခဲ့ခြင်းမရှိသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးရှိကြောင်းလည်း လွှတ်တော် ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် မေးခွန်းစုစုပေါင်း (၄၃၉) ခုအနက် ကတိဖြစ်မေးခွန်း (၂၄၁) ခုနှင့် ကတိမဖြစ်မေးခွန်း (၁၉၈) ခုရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများသည် ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို တင်ပြခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများက ဆောင်ရွက်ပေးနိုင်မှုများကိုလည်း ဖော်ပြနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့် လိုအပ်ချက်များကို လွှတ်တော်မှတစ်ဆင့် ထိရောက်စွာ တင်ပြနိုင်ရေး မေးခွန်းများ မေးမြန်းဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် လာမည့်အစည်းအဝေးများ၌ ပြည်သူများရဲ့ အသံ၊ ပြည်သူများရဲ့ ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက်များကို တင်ပြနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ရပ်နားထားသည့်အချိန်များတွင် သက်ဆိုင်ရာနယ်မြေများကို မြေပြင်ကွင်းဆင်းကာ အရောက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။