
ဂျန်ဇက် (NP News)- နိုဝင်ဘာ ၂၆
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က နျူကလီးယားကင်းစင်ရေး တောင်းဆိုချက်များကို မိမိတို့နိုင်ငံအနေဖြင့် တုံ့ပြန်သွားမည် မဟုတ်ကြောင်းနှင့် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုအတွက် မည်သူတစ်ဦးတစ်ယောက်ထံမှမျှ အတည်ပြုချက်ကို တောင်းခံသွားမည် မဟုတ်ကြောင်းပြောကြားလိုက်သည်။
ကင်ဂျုံအမ်သည် ပြီးခဲ့သည့်ရက်ပိုင်းက နျူကလီးယားပစ္စည်းများနှင့် နျူကလီးယားစွမ်းအင်သုံး ပစ္စည်းကိရိယာများ ထုတ်လုပ်သည့် အခြေစိုက်စခန်းများအပြင် နျူကလီးယားလက်နက် သုတေသနဌာနတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်(KCTV) ကသတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းတွင် စက်ရုံ၊ ဌာနများ၏ တိကျသော တည်နေရာများကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်းlသို့သော် ဓာတ်ပုံတစ်ပုံတွင် ကင်ဂျုံအမ်သည် ယူရေနီယံ သန့်စင်သည့် စက်ရုံတစ်ခုတွင် ရှိနေသည်ဟု ယူဆရပြီး အခြားဓာတ်ပုံတစ်ပုံတွင်မူ နျူကလီးယားထိပ်ဖူး အများအပြားဟု ယူဆရသည့် အရာများကို စစ်ဆေးကြည့်ရှုနေသည်ကို တွေ့ရသည်။နျူကလီးယားလက်နက် သုတေသနဌာနတွင် အဆင့်မြှင့်တင်ထားသော နျူကလီးယားထိပ်ဖူးများနှင့် အခြားပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည်များကို ကင်ဂျုံအမ်က လေ့လာသိရှိခဲ့ကြောင်း သတင်းက ဆိုသည်။
နျူကလီးယားလက်နက် ထုတ်လုပ်ရေးကဏ္ဍအနေဖြင့် နယ်ပယ်စုံ၌ ရည်ရွယ်ချက်အမျိုးမျိုးအတွက် မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များ (tactical nuclear weapons) အသုံးပြုရေးကို အာရုံစိုက်သင့်ကြောင်း ကင်ဂျုံအမ်ကပြောကြားခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ထို့အပြင် မိမိတို့နိုင်ငံ နျူကလီးယားလက်နက် ပိုင်ဆိုင်ရခြင်းမှာ ပြင်ပအင်အားစုများထံမှ နျူကလီးယားခြိမ်းခြောက်မှုနှင့် ဖိအားများကြောင့် ဖြစ်ကြောင်း ကင်ဂျုံအမ်က အတည်ပြု ပြောကြားခဲ့သည်ဟု သတင်းတွင် ပါရှိသည်။
သမ္မတ ဒေါ်နယ်ထရမ့်က ကင်ဂျုံအမ်နှင့်ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားနေချိန်တွင် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားနိုင်ငံအဖြစ် ရပ်တည်မှုကို အမေရိကန်က အသိအမှတ်ပြုရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။