NP News

OICဇာတ်ညွှန်းနဲ့ ICJ၏ မတရားစီရင်ချက် (အတွေးအမြင် ဆောင်းပါး)

အောင်နိုင်သူ(ဇွဲကပင်)
နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံတကာ ဥပဒေလောကတွင် အမှုအခင်းကြီးများ၏ နောက်ကွယ်၌ တရားမျှတမှု ဟူသော စံနှုန်းတစ်ခုတည်းသာ အလုပ်လုပ်နေသည် မဟုတ်ဘဲ ပထဝီနိုင်ငံရေး အကျိုးစီးပွား၊ အုပ်စုဖွဲ့ မဟာဗျူဟာနှင့် သတင်းအချက်အလက် စစ်ဆင်ရေးတို့၏ ရှုပ်ထွေးသော လွှမ်းမိုးစွတ်ဖက်မှုများ ကျရောက်နေတတ်သည်မှာ သမိုင်းအစဉ်အဆက် သက်သေရှိခဲ့ပြီး ဖြစ်ပါသည်။ အထူးသဖြင့် အင်အားကြီး နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကျောထောက်နောက်ခံပြုမှု၊ ဘဏ္ဍာရေးနှင့် သံတမန်ရေးရာ ဖိအားများ ပေါင်းစပ်လာသည့်အခါ ဥပဒေကြောင်းဆိုင်ရာလုပ်ငန်းစဥ် များသည်ပင် မဟာဗျူဟာမြောက် နိုင်ငံရေး လက်နက် များအဖြစ် အသွင်ပြောင်းသွားနိုင်သည့် သာဓကများစွာ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာ တရားရုံး (ICJ) တွင် ရင်ဆိုင်ခဲ့ရသော အမှုကိစ္စသည်လည်း သာမန် ဥပဒေကြောင်းဆိုင်ရာ အငြင်းပွားမှု သက်သက်ထက် ကျော်လွန်ပြီး နောက်ကွယ်ကနေ စနစ်တကျ ရေးဆွဲစီမံထားသော လက်မဲကြီးများက နိုင်ငံရေး၊ လုံခြုံရေး ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု လေ့လာသုံးသပ်သူများ ရှိလာနေပါသည်။ ထို့ကြောင့် နိုဝင်ဘာလ ၁၉ ရက် က မြန်မာနိုင်ငံ အပေါ် တရားမျှတမှု
မရှိသည့် ICJ ဆုံးဖြတ်ချက်သည် ယခုအခါ အငြင်းပွားဖွယ်ရာအဖြစ် အသံကျယ်လောင်ခဲ့ပြီဖြစ်ပါသည်။အထူးသဖြင့် အမှုဖြစ်စဉ်၏ အဓိက ဆုံးဖြတ်ချက် ယူဆပုံ၊ ဝေါဟာရနှင့် သမိုင်းဆိုင်ရာ အားနည်းချက်များ၊ စစ်ရေးနှင့် နိုင်ငံရေး ဆိုင်ရာ ဖိအားများအပြင် နိုင်ငံတကာ မျက်နှာစာရှိ မညီမျှသော စံနှုန်းများကို ရှုထောင့်စုံမှ ပြန်လည်ဆန်းစစ်မည်ဆိုပါက OIC ၏ ဇာတ်ညွှန်းကို မျက်ဝါးထင်ထင်တွေ့မြင်လာရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံကို ချမှတ်ခဲ့သော ICJ အမှုကို ပြန်လေ့လာသုံးသပ်ကြည့်သည့်အခါ စစ်ပွဲအတွင်း လူမည်မျှ သေဆုံးသွားသည်၊ မည်မျှ အသတ်ခံရသည် ဆိုတာမျိုးထက် ဤသို့ သေဆုံးစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ပံ့ပိုး ဆောင်ရွက်ခဲ့သည် ဆိုသည့် အချက်ကိုသာ ဂျီနိုဆိုက် (Genocide) အဖြစ် အဓိကထား သတ်မှတ်ခဲ့သည်ကို တွေ့ရသည်။အားမနာတမ်း ပြောရလျှင် ကျွန်တော်တို့အနေဖြင့်ရော နိုင်ငံတော်အဆင့် အစိုးရအဆက်ဆက် တာဝန်ရှိသူများကပါ နှစ်ပေါင်းကာလ ရှည်ကြာစွာ မြန်မာနိုင်ငံတွင် "ရို" မရှိဟု ခါးခါးသီးသီး ငြင်းဆိုခဲ့သည့် အချက်သည် ဥပဒေနှင့် ညီညွတ်မှု မရှိသကဲ့သို့ လူ့အခွင့်အရေး စံနှုန်းများနှင့်လည်း ကိုက်ညီမှု မရှိကြောင်း OIC အပါအဝင် အနောက်အုပ်စုက ကောင်းစွာ သိရှိနားလည်ပြီး အသုံးချသွားခဲ့သည့် သဘောကို တွေ့ရသည်။

သူတို့၏ ဥပဒေနှင့် လူ့အခွင့်အရေး ယူဆချက်များကလည်း ထူးဆန်းနေပါသည်။ လူမျိုးတစ်မျိုးအနေဖြင့် မိမိတို့ နှစ်သက်ရာ အမည်နာမကို ခေါ်ဝေါ်သုံးစွဲနိုင်သည်ဟု ဆိုထား သော်လည်း ထိုအမည်နာမသည် ဤနိုင်ငံ၌ သမိုင်းကြောင်းအရ တည်ရှိခဲ့ခြင်း မရှိဘဲ ဤနိုင်ငံတွင် ရှိခဲ့သည်မှာ ဘင်္ဂလီဟူသော အမည်သာ ဖြစ်နေသည့်အခါ ဥပဒေနှင့် မညီ၊ လူ့အခွင့်အရေးနှင့် မညီဟု တစ်ဖက်သတ် စွပ်စွဲခဲ့ခြင်း ဖြစ်ပါသည်။

အမှန်တော့ ဤအငြင်းပွားမှုသည် ဤမျှလောက် အကြောက်အကန် ငြင်းခုံနေစရာပင် မလိုအပ်ပေ။ လက်တွေ့ကျကျ ဖြေရှင်းလိုလျှင် မနုဿဗေဒ ပညာရှင်များပါ ပါဝင်သော စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ ဘင်္ဂလီ လား ၊ ရိုလား စသဖြင့် သိပ္ပံနည်းကျ၊ သမိုင်းနည်းကျ စိစစ်နိုင်ပါသည်။ လူမျိုးတစ်မျိုးကို စိစစ်သည့်နေရာ၌ ဘာသာစကား၊ စာပေ၊ ရုပ်သွင်လက္ခဏာနှင့် ကိုးကွယ်ယုံကြည်မှုတို့ကို တိုက်ဆိုင် စစ်ဆေးလိုက်ရုံမျှဖြင့် ဤအုပ်စုသည် မိုးပေါ်မှ ကျလာခြင်း မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ဘေးတိုက်ရွှေ့ပြောင်း ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။ မကျေနပ်လျှင် မျိုးရိုးဗီဇ (DNA) အထိပင် ဆက်လက် စစ်ဆေးကြည့်နိုင်ပါသည်။

သို့သော် ဤအချက်အလက်များကို ကိုယ့်ဘက်က ထိထိရောက်ရောက် မတင်ပြနိုင်ခဲ့သလို နိုင်ငံတကာ မျက်နှာစာတွင်လည်း တင်ပြခွင့် မရရှိခဲ့ဟု ယူဆမိသည်။ယခုအခါ အဓိကထား ရမယ်ရှာသွားသည်မှာ "ရို" မရှိဟူသော ငြင်းဆိုချက်နှင့် ဝေါဟာရ အငြင်းပွားမှုများကိုပင် ဂျီနိုဆိုက် ရည်ရွယ်ချက် ရှိကြောင်း သက်သေသာဓက တစ်ရပ်သဖွယ် ဆုံးဖြတ်ခဲ့ခြင်း ကြောင့် တရားမျှတမှု မရှိသည့် ဆုံးဖြတ်ချက်ဟု သတ်မှတ်ရမည် ဖြစ်ပါသည်။မိမိတို့ဘက်မှ "ရို" မရှိဟူသည့် စကားရပ်များကို တရားရုံး၏ ဂျီနိုဆိုက်သက်သေအဖြစ် တင်သွင်းခွင့်ပြုသည့် ဥပဒေ ကို လည်း
စဥ်းစားမရ ဖြစ်မိသည်။ခေတ်အဆက်ဆက် ပြောဆိုခဲ့မှုများကို ပင် ဥပဒေနှင့် မညီကြောင်း သက်သေပြုခဲ့ခြင်း၏ နောက်ကွယ် တွင် ရည်ရွယ်ချက်ရှိရှိနှင့် အချိန်ယူထောင်ချောက်ဆင်ခဲ့ပုံရပါသည်။

ဥပဒေနှင့် သံတမန်ရေးရာ စည်းနှောင်မှုအောက်တွင် ခေတ်အဆက်ဆက် ကိုယ့်ဘက်က ပြင်ဆင်မှု အားနည်းခဲ့သည့် အချက်ကို အမိအရ အသုံးချခဲ့သည်ကို တွေ့ရသည်။ဤအားနည်းချက်ကို ကောင်းစွာ သိရှိထားသော OIC သည် ဤပြဿနာကို နိုင်ငံတကာ ဥပဒေကြောင်းဆိုင်ရာ ပြဿနာကြီး တစ်ခုအဖြစ်သို့ ရောက်ရှိလာအောင် စနစ်တကျ ပုံဖော်ဖန်တီးခဲ့ပုံ ရပါသည်။OIC အဖွဲ့က လိုချင်သော အချိန်ကာလသို့ ရောက်လာသည့်အခါ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့် ရဲကင်းစခန်းများကို တိုက်ခိုက်ခံရပြီး လုံခြုံရေး အခြေအနေများ ပိုမိုရှုပ်ထွေးလာအောင် ဖန်တီးခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ARSA (Arakan Rohingya Salvation Army) လက်နက်ကိုင်အဖွဲ့က လုံခြုံရေးစခန်း အများအပြားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာမှ ပဋိပက္ခ အခြေအနေကို ပိုမိုပြင်းထန်လာစေခဲ့သည်။ ဤသည်မှာ လုံခြုံရေးနှင့် စစ်ရေး မျက်နှာစာတွင် ဖြစ်ပျက်ခဲ့သော အခြေအနေဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် ညှိနှိုင်းတိုက်ခိုက်ခဲ့ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ ကြိုတင် ရည်ရွယ်ချက်နှင့် အစီအမံ ရှိပြီးသား ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။

ထိုထက် ပိုမိုစိတ်ဝင်စားဖို့ ကောင်းသည်မှာ မည်သည့်နေရာမှ မည်သည့်ကို အကြောင်းပြု၍ မြန်မာနိုင်ငံနှင့်သက်ဆိုင်မှုမရှိသည့် ကိုဖီအာနန် ရောက်ရှိလာပြီး ကိုဖီအာနန် ကော်မရှင်ကို ဖွဲ့စည်းရန် ဖြစ်လာခဲ့သနည်း ဆိုသော အချက်ပင် ဖြစ်ပါသည်။ ယင်းကော်မရှင်ကြောင့်ပင် တစ်ကမ္ဘာလုံး လူသိများထင်ရှားသော အမှုအခင်း ဖြစ်လာခဲ့သလို ကော်မရှင် အတည်ပြုသည့် နေ့တွင်ပင် ARSA က ထပ်မံတိုက်ခိုက်ခဲ့ပြန်သည်။ ဤအခြေအနေသည် နိုင်ငံရေး မျက်နှာစာ၌ OIC ၏ မဟာဗျူဟာမြောက် တုံ့ပြန်ဆောင်ရွက်မှု အဖြစ် ရှုမြင်နိုင်ပါသည်။

သို့ဖြစ်ရာ စစ်ရေးရော နိုင်ငံရေးမှာ ပါ မဟာဗျူဟာ အစီအမံများကို OIC က စနစ်တကျ စီမံခဲ့သလို အနောက်ဥရောပ နိုင်ငံအချို့ကလည်း ပါဝင်ပတ်သက် ခဲ့ကြပါသည်။ စစ်ရေးဆောင်ရွက်မှုသည် ထောင်ချောက်ဆင်မှု သက်သက်သာ ဖြစ်ပြီး နိုင်ငံရေး၏ အောက်တွင် တည်ရှိသော နည်းဗျူဟာအဆင့် တုံ့ပြန်မှုသာ ဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံရေးသည် အရာအားလုံးကို အဆုံးအဖြတ် ပေးနိုင်သော မဟာဗျူဟာ အဆင့် ဖြစ်သည့်အတွက် နိုင်ငံရေးအရ အနိုင်ရရှိရေးကိုသာ စနစ်တကျ ရည်ရွယ်ကြိုးပမ်း ခဲ့ခြင်းသည်လည်း OIC ၏ ဇာတ်ညွှန်းပင် ဖြစ်ပါသည်။

ARSA နှင့် အစွန်းရောက် အုပ်စုများအား ဤအချိန်တွင် ဤနေရာအား ဤသို့ သွားရောက်တိုက်ခိုက်ရန်၊ တပ်မတော်ဘက်မှ ပြန်လည်တိုက်ခိုက်လာသည့်အခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ အုံလိုက်ကျင်းလိုက် ထွက်ပြေးကြရန်နှင့် ထို့နောက် ICJ အထိ ရောက်ရှိအောင် ဖန်တီးသွားမည် ဆိုသည့်အထိ OIC က ကြိုတင် ဇာတ်တိုက် လေ့ကျင့်ပေးထားပုံရပါသည်။ ထို့ကြောင့်လည်း ICJ တွင် ARSA ၏ အကြမ်းဖက် တိုက်ခိုက်မှုများကို ဖုံးကွယ်ပစ်ခဲ့သလို သေဆုံးသွားသူများထဲတွင် အကြမ်းဖက်သမားများ ပါဝင်နေသည့် အချက်ကိုလည်း မှေးမှိန်ပျောက်ကွယ်စေရန် ကြိုးပမ်းခဲ့ကြသည်။ တကယ်တော့ ဤဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသော များပြားလှသည့် လူဦးရေထဲတွင် (သတင်းနှင့် အစီရင်ခံစာ အမျိုးမျိုးတွင် ခန့်မှန်းချက်များ ကွဲပြားနေသော်လည်း) ARSA ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဌာနေတိုင်းရင်းသားများ၊ ဟိန္ဒူလူမျိုးများနှင့် အပြစ်မဲ့ အရပ်သားများလည်း
များစွာရှိခဲ့ပါသည်။

နှစ်ဖက်စလုံးတွင် ကျူးလွန်မှုများ ရှိခဲ့သော်လည်း တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးအပါအဝင် တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူး အဆင့်မှသည် တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူး၊ တပ်စိတ်မှူးနှင့် အောက်ခြေ တပ်သားအဆင့်အထိ ရာဂဏန်းထက်မနည်း စစ်စည်းကမ်းနှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ပြီး အချို့မှာ ယနေ့တိုင် ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါသည်။ သို့သော် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးသွားကြသည့် ARSA နှင့် အကြမ်းဖက် အုပ်စုဝင်များ လွတ်ကင်းနေမှုအပေါ် ICJ က မည်သို့ ရှုမြင်ဆုံးဖြတ်မည်ကိုမူ စောင့်ကြည့်မေးခွန်းထုတ်စရာလည်း ဖြစ်ရပါသည်။

တရားမျှတမှုမရှိ၍ မေးခွန်းထုတ်စရာ ဖြစ်နေသော ICJ အမှုကို အနှစ်ချုပ် ပြန်လည်သုံးသပ်ရ လျှင်---
(၁) OIC က ဘဏ္ဍာရေးအင်အား အလုံးအရင်းဖြင့် ဇာတ်ညွှန်းရေးဆွဲ စီမံခဲ့သော အမှုဖြစ်သည့်အတွက် မြန်မာနိုင်ငံအပေါ် မျှတမှုမရှိသော အမိန့်များ ချမှတ်ခဲ့သည်။

(၂) မြန်မာနိုင်ငံသည် နိုင်ငံတကာ နိုင်ငံရေးအင်အားနှင့် ဓနအင်အား ချိနဲ့နေသည့်အတွက် မြေနိမ့်ရာ လှံစိုက်ခံရသည့် သဘောသက်ရောက်နေသည်ဟု မြင်မိသည်။

(၃) ပို၍ဆိုးရွားသည်မှာ မြန်မာ့ပြည်တွင်း နိုင်ငံရေး ရှုပ်ထွေးနေမှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲနေမှုကို အခွင့်ကောင်းယူကာ ယခုကဲ့သို့ ဖိအားပေး ဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

(၄) အစ္စရေးနိုင်ငံသည်လည်း ဂါဇာအရေးနှင့် ပတ်သက်၍ ICJ တွင် ရင်ဆိုင်နေရဆဲ ဖြစ်သည့်အတွက် ရှေ့ပြေးသာဓက (Precedent) တစ်ခုအနေဖြင့် ပုံဖော်သတိပေးလိုသည့် နိုင်ငံရေး တွက်ချက်မှုများလည်း ပါဝင်နေသည်ဟု ယူဆမိသည်။

(၅) နိုင်ငံတကာ မီဒီယာနှင့် သံတမန်မျက်နှာစာများတွင် မြန်မာဘက်က ဖြစ်စဉ်အမှန်၊ ARSA ၏ အကြမ်းဖက်မှုနှင့် ဌာနေတိုင်းရင်းသားများ ခံစားခဲ့ရသည့် ထိခိုက်နစ်နာမှုများကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ တင်ပြနိုင်မှု အားနည်းခဲ့ခြင်းကလည်း OIC ဇာတ်ညွှန်းရေးသမျှ သတင်းအမှန်ဟု
ယူဆခဲ့ပုံလည်း ရပါသည်။

(၆) ပဋိပက္ခအတွင်း အကြမ်းဖက်တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် ARSA အပါအဝင် လက်နက်ကိုင်အဖွဲ့ဝင်များအပေါ် ထိရောက်သော နိုင်ငံတကာ ဥပဒေကြောင်းဆိုင်ရာ အရ အရေးယူပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးသဖြင့် တရားမျှတမှုကို တစ်ဖက်စောင်းနင်း ဖြစ်စေပါသည်။

(၇) နယ်စပ်ဖြတ်ကျော် လုံခြုံရေးပြဿနာနှင့် နေရပ်စွန့်ခွာမှု အကျပ်အတည်းများကို နိုင်ငံရေးဖိအားပေး အသုံးချနေခြင်းကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လူသားချင်းစာနာမှု ဖြေရှင်းရေးလုပ်ငန်းများ ပိုမိုခက်ခဲရှုပ်ထွေးလာစေပါသည်။

ICJ သည် OIC ၏ ဇာတ်ညွှန်းအောက်မှာ မြန်မာနိုင်ငံအပေါ် မတရားသည့် အမိန့်ချမှတ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် များစွာနစ်နာနေရပါသည်။သို့သော် မြန်မာနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အမျိုးသားအကျိုးစီးပွားအရေး ကို ရှေ့ရှုပြီး ဆက်လက်ဆောင်ရွက်သင့်သည်များကို အကြံပြုရလျှင် -
(က ) အမျိုးသားစည်းလုံးညီညွတ်မှုအားပြန်လည်တည်ဆောက်ခြင်း။ ပြည်ပဖိအားများကို ခုခံတွန်းလှန်နိုင်ရန်အတွက် ပြည်တွင်းနိုင်ငံရေး အင်အားစုများနှင့် တိုင်းရင်းသား လူမျိုးစုများအကြား ဘုံအမျိုးသားအကျိုးစီးပွားကို အခြေခံသည့် ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဤပြဿနာ ကို ရင်ဆိုင် ဖြေရှင်းကြရန်လိုအပ်ပါသည်။

(ခ) ဥပဒေနှင့် သံတမန်ရေးရာ ကျွမ်းကျင်အဖွဲ့များ စနစ်တကျ ဖွဲ့စည်းခြင်း။ နိုင်ငံတကာ တရားရုံးများနှင့် အဖွဲ့အစည်းများတွင် ဥပဒေပညာရှင်များ၊ သမိုင်းပညာရှင်များ၊ မနုဿဗေဒပညာရှင်များနှင့် သံတမန်များ ပါဝင်သော ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းဖြင့် အထောက်အထား၊ မှတ်တမ်းနှင့် ချေပချက်များကို စနစ်တကျ စုဆောင်း၍
ပြည်တွင်း ပြည်ပ သတင်းဌာန၊ မီဒီယာများနှင့် သံတမန်များမှတဆင့် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ကာ ပြန်လည် ချေပသင့်ပါသည်။

(ဂ) လူသားချင်းစာနာမှုနှင့် နယ်စပ်လုံခြုံရေးကို ဟန်ချက်ညီ စီမံခန့်ခွဲခြင်း။နယ်စပ်လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ရင်း တစ်ဖက်တွင်လည်း အပြစ်မဲ့ အရပ်သားများ၏ လူသားချင်းစာနာမှု လိုအပ်ချက်နှင့် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ စိစစ်လက်ခံရေး လုပ်ငန်းစဉ်များကို နိုင်ငံတကာ စံနှုန်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် လက်တွေ့ကျသော မူဝါဒများ ချမှတ်သင့်ပါသည်။တစ်ဖက်မှာ လည်း ထိုဒေသ တွင် နိုင်ငံတော် ၏ အချုပ်အခြာအာဏာ အပြည့်အဝ သက်ရောက်လာသည့်အခါ လွှဲပြောင်းလက်ခံရေး လုပ်ငန်းစဥ်အား ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသင့်ပါသည်။

(ဃ) သတင်းအချက်အလက်နှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ခြင်း။ မှန်ကန်တိကျသော အချက်အလက်များ၊ စုံစမ်းစစ်ဆေး အရေးယူမှု မှတ်တမ်းများနှင့် မြေပြင်အခြေအနေ အမှန်များကို ပြည်တွင်းရော နိုင်ငံတကာသို့ပါ ပွင့်လင်းမြင်သာစွာ အချိန်နှင့်တစ်ပြေးညီ ချပြနိုင်ခြင်းဖြင့် မှားယွင်းသော ဇာတ်ကြောင်းများကို ထိရောက်စွာ ချေဖျက်သင့်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ICJ အမှုဖြစ်စဉ်သည် ကျွန်တော်တို့အတွက် ခါးသီးသော သင်ခန်းစာတစ်ခု ဖြစ်သကဲ့သို့ အနာဂတ်တွင် နိုင်ငံတကာ ဥပဒေနှင့် သံတမန်ရေးရာ မျက်နှာစာများ၌ မည်သို့ ရပ်တည်ပြင်ဆင်ရမည်ကို သတိပေးနေသော မှတ်တိုင်တစ်ခုအဖြစ် သင်ခန်းစာယူရမည် ဖြစ်ပါသည်။ ပြင်ပမှ ဖန်တီးလာသော နိုင်ငံရေးနှင့် စစ်ရေး ဇာတ်ညွှန်းများကို ခုခံတွန်းလှန်နိုင်ရန်အတွက် ပြည်တွင်းစည်းလုံးညီညွတ်မှုကို အခိုင်အမာ တည်ဆောက်ခြင်း၊ သမိုင်းနှင့် ဥပဒေဆိုင်ရာ အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင် စုဆောင်းခြင်းနှင့် နိုင်ငံတကာ ဥပဒေဘောင်အတွင်း ကျွမ်းကျင်ပိုင်နိုင်စွာ ချေပပြောဆိုနိုင်သည့် စွမ်းရည်များကို မြှင့်တင်ခြင်းတို့သည် မလွဲမသွေ ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်များပင် ဖြစ်ပါသည်။OIC အဖွဲ့ဝင် ၅၇ နိုင်ငံ၏ ဒေါ်လာအမြောက်အမြား ပုံအောပြီး ထိုးစစ်ဆင် တိုက်ခိုက်လာသော ဇာတ်ညွှတ်ရေး တိုက်ခိုက်မှုကို မိမိတို့ ပြည်တွင်း အင်အားစုများနှင့် တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှု ဖြင့်တုံ့ပြန်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ထိုနည်းတူ နိုင်ငံတကာမျက်နှာစာတွင် မိမိတို့ မဟာမိတ်နိုင်ငံများနှင့် ကောင်းမွန်သော သံတမန်ဆက်ဆံရေး ကို ထူထောင်ကာICJ ၏ မတရားမှုကို လုံခြုံရေးကောင်စီကတဆင့် စနစ်တကျ ရင်ဆိုင်ဖြေရှင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားသင့်ပါကြောင်း အကြံပြုလိုက်ရပါသည်။

မူရင်းသတင်း — NP News