NP News

အငြိမ်းစားများအတွက် ပင်စင်လစာများကို PinSinPay User Application ဖြင့် Agent များမှတစ်ဆင့် ထုတ်ယူနိုင်တော့မည်

စော(NP News)-နိုဝင်ဘာ ၂၆
ပင်စင်လစာထုတ်ယူမည့် အငြိမ်းစားများအတွက် PinSinPay User Applicationဖြင့် Agent များမှတစ်ဆင့် ထုတ်ယူနိုင်တော့မည်ဖြစ်ကြောင်း ပင်စင်ဦးစီးဌာနက ယမန်နေ့(နိုဝင်ဘာ ၂၅ရက်)က အသိပေးထုတ်ပြန်ထားသည်။
အငြိမ်းစားများအား လစဉ်ပင်စင်ကို အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်စေရန် ရည်ရွယ်၍
ပင်စင်လစာနှင့်ဆုငွေများကို ဒီဂျစ်တယ်စနစ်ဖြင့် ပေးချေနိုင်ရန် Pension Payment and Management System - PPMS ကို ရေးဆွဲပြီး အငြိမ်းစားအချက်အလက်များအား စနစ်တကျ စုစည်း ထည့်သွင်းခြင်း၊ မှန်ကန်တိကျစေရေးနှင့် ပင်စင်လစာထုတ်ယူရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် PayMe Solution Limited မှ PPMS စနစ်အတွင်းသို့ အငြိမ်းစားအချက်အလက် ပြန်လည်စာရင်းသွင်းခြင်း (Enrollment) ကိုဆောင်ရွက်နေကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့ရှိ ရပ်ကွက်/ကျေးရွာများနှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ စာရင်းကောက်ယူရာတွင် အငြိမ်းစား အချက်အလက်များအပြင် သက်ရှိထင်ရှားရှိကြောင်း Face ID ရယူခြင်းနှင့် အသုံးပြုမည့် ဖုန်းနံပါတ်သို့ SMS OTP Code ပေးပို့အတည်ပြုခြင်းတို့ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည့်အပြင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပူးတွဲ ဆောင်ရွက်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ပင်စင်လစာထုတ်ယူခြင်းကို အငြိမ်းစားများ၏ ဆန္ဒအလျောက် PayMe Solution Limited မှ ဝန်ဆောင်မှုပေးသည့် PinSinPay User Applicationဖြင့် Agent များမှတဆင့်လည်းကောင်း၊ ယခင်အတိုင်း မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင်လည်းကောင်း၊ Mobile Agent များမှတစ်ဆင့် လည်းကောင်း၊ ငွေစုဘဏ်စာရင်း၊ စာရင်းရှင်စာရင်းနှင့် ATM စာရင်းများသို့ ပြောင်းလဲထည့်သွင်း၍ လည်းကောင်း နှစ်သက်ရာနည်းလမ်းဖြင့် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း လည်း ပင်စင်ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News