
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရဲ့ အထင်ကရပွဲတော်ကြီး ဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး ပြီးဆုံးသွား ခဲ့ပြီ ဖြစ်ပါတယ်။ မီးပုံးပျံက တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ် သင်္ကေတလို့ ဆိုနိုင်တဲ့အတွက် ပွဲတော်က ခမ်းနား ကြီးကျယ်လွန်းခဲ့ပါတယ်။ မြောက်များစွာသော ဧည့်ပရိသတ်တွေ အဝေရာ ကွင်းလုံးအပြည့် ခြေချစရာ နေရာ မကျန်လောက်အောင် စည်ကားခဲ့တာ အားလုံး မျက်မြင်ကိုယ်တွေ့ ဖြစ်ကြပါလိမ့်မယ်။ . ဇာတ်သမား ပြန်ရင် မှတ်သားစရာ ကျန်တယ်လို့ ဆိုရိုးစကား ရှိပါတယ်။ မီးပုံးပျံပွဲတော်ကြီး ပြီးဆုံးသွားခြင်းနဲ့အတူ ဧည့်ပရိသတ်တွေနဲ့ ဒေသခံပြည်သူတွေကြားမှာ ဝေဖန်ပြောဆိုမှုတွေ ဖြစ်ပေါ် ကျန်ရစ်ခဲ့ပါတယ်။ ပွဲတော်ကာလအတွင်း ဝေဖန်မှု ဖြစ်စေတဲ့ ပထမအချက်က ဘီယာ/အရက် ဘားတွေ မှိုလိုထခဲ့တဲ့ ကိစ္စရပ်ပါ။ ပွဲတော်ကျင်းပရေးကော်မတီ ထုတ်ပြန်ချက်အရ ပွဲတော်အတွင်း အရက်၊ ဘီယာရောင်းချခြင်း မပြုရ ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်ရ ဘီယာဘားတွေ သောသောညံအောင် စည်ကားခဲ့ပါတယ်။ ဘားတွေရဲ့ နောက်ကွယ်မှာ Happy Water နဲ့ WY ဇာတ်လမ်းတွေ အများကြီး ရှိနေတာကလည်း မပြောချင်၊ မမြင်ချင်မှ အဆုံး ဖြစ်ခဲ့ပါတယ်။ . ပွဲတော်ကျင်းပရေးကော်မတီက မတွေ့၊ မမြင်၊ မသိဘဲတော့ မနေပါဘူး။ ဒီလို ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ဘားတွေ က ပွဲတော်ကျင်းပရေးကော်မတီကို မထေမဲ့မြင် ပြုတာလားလို့ မေးခွန်းထုတ်စရာပါ။ ဒါမှမဟုတ် ရန်ပုံငွေက ပွဲတော်ရဲ့ ပုံရိပ်ထက် ပို အရေးကြီးနေလားလို့ မေးခွန်း ထုတ်စရာပါ။ . တန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲဆိုတာ ဗုဒ္ဓဘုရားရှင်ကို ဆီမီးနဲ့ ပူဇော်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ဘာသာရေး အထိမ်းအမှတ် ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဘာသာရေး တစ်ခုတည်းတော့ မဟုတ်နေပါဘူး၊ ရိုးရာယဉ်ကျေးမှုတွေလည်း ပါဝင်နေတာမို့ အခုလို ဘားတန်ဆောင်တိုင်လို့ ဝေဖန်ပြောဆိုခံရတဲ့အထိ ဖြစ်သွားခဲ့တာ ကတော့ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲရဲ့ ပုံရိပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ . နောက်တစ်ချက်ကတော့ ပွဲကော်မတီ သာမက ဒိုင်အဖွဲ့ကပါ မီးပုံးပျံ ယှဉ်ပြိုင်လွှတ်တင်တဲ့ အသင်းအဖွဲ့တွေကို စနစ်တကျ ဖြစ်အောင် သတ်မှတ်ထိန်းချုပ်နိုင်ခြင်း မရှိတာပါ။ ပုံမှန်အားဖြင့် မီးပုံးပျံ တစ်လုံး လွှတ်တင်ယှဉ်ပြိုင်ဖို့ လူဦးရေအားဖြင့် ၃၀၀ လောက်ဆိုရင် လုံလောက်တဲ့ အနေအထားပါ။ မီးပုံးပျံနဲ့ ဆက်စပ်ပတ်သက်တဲ့ ပစ္စည်းတွေ တင်ဆောင်နိုင်ဖို့ ကား ၁၅ စီးလောက်ဆိုရင် ပြည့်စုံနေပြီ ဖြစ်ပါတယ်။ သိရသလောက်တော့ စည်းကမ်း သတ်မှတ်ထားပေမဲ့ စည်းကမ်းကို မလိုက်နာ နိုင်ကြသလို ထိန်းကျောင်းမှု ကင်းမဲ့တာလို့ပဲ မြင်ပါတယ်။ . ၂၀၂၆ ခုနှစ် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲမှာ လာရောက်လွှတ်တင် ယှဉ်ပြိုင်တဲ့ အသင်းအဖွဲ့တွေရဲ့ လူအင်အား၊ ကားအင်အား သုံးစွဲမှုက ဆိုစမှတ် ပြုရလောက်အောင် များပြားခဲ့သလို ပရိသတ်တွေကြား အနုတ်သဘော ဆောင်တဲ့ ဝေဖန်မှုညံအောင်လည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဧည့်ပရိသတ်တွေက မီးပုံးပျံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အလှတရားကိုသာ ပြည့်ပြည့်ဝဝ ကြည့်ရှုခံစားချင်ကြတာ ဖြစ်ပါတယ်။ .

စည်းလုံးမှုကို ဖော်ကျူးတာ ချစ်ခင်နှစ်သက်စရာ ဆိုပေမဲ့ မလိုလားအပ်တဲ့ အင်အားပြမှုတွေကတော့ တစ်သင်းနဲ့ တစ်ဖွဲ့ အမုန်းပွားမှုတွေ ဖြစ်ပေါ်စေနိုင်လို့ လာမယ့်နှစ်တွေ အတွက် သတိပြုရမယ့် အချက်တစ်ခုလို့ ဆိုရပါလိမ့်မယ်။
. မီးပုံးပျံပြိုင်ပွဲဆိုတာ လွှတ်တင်ယှဉ်ပြိုင်တဲ့ အဖွဲ့တွေရဲ့ လူဦးရေ များပြားရုံနဲ့ ပွဲတော်ရဲ့အနှစ်သာရ ပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ လာရောက်ကြည့်ရှုတဲ့ ဧည့်ပရိသတ်တွေရဲ့ အားပေးမှုကသာ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။ လွှတ်တင်တဲ့ မီးအဖွဲ့နဲ့ အားပေးတဲ့ပရိသတ် သဟဇာတ ဖြစ်စေမှသာ မီးပုံးပျံပွဲတော်ရဲ့ အနှစ်သာရ ပြည့်စုံတယ်လို့ ဆိုရမှာပါ။ ဖြစ်ပေါ်သွားတဲ့ အခြေအနေတွေအရ မီးပုံးပျံအဖွဲ့ တချို့ရဲ့ လူအင်အား၊ ကားအင်အား သုံးစွဲမှုက လိုတာထက် ပိုခဲ့လို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို မရဘဲ ပွဲခင်းထဲမှာ လူတွေ ကြပ်ပြီး ပရိသတ်တချို့ရဲ့ စိတ်ညိုညင်မှုကို ရခဲ့တယ်လို့ ဆိုရမှာပါ။ . တောင်ကြီးမြို့မှာ နှစ်စဉ် ပြုလုပ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဆိုတာ ရှမ်းပြည်နယ်အတွင်း မှီတင်း နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများရဲ့ ချစ်ခင်စည်းလုံးမှုကို တစ်ညီတစ်ညွတ်တည်း လက်ရေတစ်ပြင်တည်း ဖော်ထုတ်ပြသတဲ့ ပွဲတော်ကြီး ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ယောက်၊ တစ်သင်းနဲ့တစ်ဖွဲ့ လူအင်အားပြ ယှဉ်ပြိုင်ရမယ့် နေရာတစ်ခု မဟုတ်ပါဘူး။
ဘာလူမျိုး၊ ဘာအဖွဲ့ရဲ့ ပွဲမှ မဟုတ်ပါဘူး၊ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ဖြစ်တာကြောင့် ဒေသခံပြည်သူ အားလုံး ပိုင် သလို၊ အားလုံးမှာလည်း တာဝန် ရှိတာကို သတိပြုစေချင်တာပါ။ ရွေးကောက်ပွဲ မဟုတ်သလို၊ လူမျိုးတစ်ခုရဲ့ ပွဲလည်း မဟုတ်ပါဘူး။ အားလုံး စည်းလုံးညီညွတ်စွာနဲ့ ရိုးရာပွဲကို ချစ်ချစ်ခင်ခင် ဆင်နွှဲကြရမှာပါ။ အမှိုက်ကစ ပြဿဒ်မီးလောင်တာမျိုး မဖြစ်အောင် သတိပြုကြဖို့ လိုအပ်ပါတယ်။ . မီးပုံးပျံကွင်းအတွင်း ထည့်သွင်းထားတဲ့ စတိတ်ရှိုး ကဏ္ဍကလည်း ပွဲလာသူတွေကြား ဝေဖန်မှု တစ်ရပ် ဖြစ်စေခဲ့ပြန်ပါ သေးတယ်။ မဖြစ်မနေ ထည့်သွင်းမယ်ဆိုရင်လည်း ရှမ်းပြည်နယ်ရဲ့ ရိုးရာပွဲတော်ဖြစ်တဲ့ အတွက် တီးဝိုင်းနဲ့ အဆိုတော်တွေ အားလုံး ရှမ်းပြည်ဒေသခံများနဲ့သာ ကွင်းပြင်ပ တစ်နေရာမှာ သုံးစွဲသင့်တယ်လို့ ဆိုကြပါတယ်။ ရှမ်းပြည်နယ်ဖွားတွေက ကိုယ့်မြို့၊ ကိုယ့်ပွဲတော်အတွက် ငွေရေးကြေးရေးပိုင်း ရှေ့တန်း မတင်ဘဲ ဝင်ရောက် အားဖြည့်ပေးနိုင်ကြမယ့် အနေအထားမျိုးပါ။

ဒေသခံ ပြည်သူတွေကြား ဝေဖန်မှုအမြင့်ဆုံး ဖြစ်ပေါ်စေခဲ့တာက အဝေရာကွင်း အရှေ့ဘက်ခြမ်းတစ်ခုလုံး နေရာ အပြည့် ယူသွားတဲ့ ဘားတွေပါ။ ကျန်ခဲ့တဲ့ နှစ်များဆီက ကွင်းအရှေ့ဘက်ခြမ်းက ဧည့်ပရိသတ်တွေရဲ့ နေရာ ဖြစ်ခဲ့ပါတယ်။ ကွင်းတောင်ဘက်ခြမ်းက V ၁၀ လုံး IP များအနေနဲ့လည်း မှန်ဆောင်တောင်ဘက်က အဆောက်အဦမှာ ပူးပေါင်းလို့ ရပါလျက်နဲ့ တစ်ထီးတစ်နန်း နေရာယူထားတာလည်း အံ့ဩစရာတစ်ပါးလို့ ဆိုရပါလိမ့်မယ်။ . အဝေရာကွင်းပတ်လည်က ဘားတွေရဲ့ ဆူညံသံတွေ၊ စတိတ်ရှိုးက ဆူညံသံတွေကြောင့် တောင်ကြီး တန်ဆောင်တိုင်ရဲ့ အငွေ့အသက်ကို လုံးဝ မခံစားရတော့ဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။ အရင်ကဆိုရင် ဒိုင်စင်က နေ လူပျောက်၊ ပစ္စည်းပျောက် ကြေညာပေးတာ၊ မီးပုံးပျံလွှတ်တင်တဲ့အခါ မီးအဖွဲ့တွေ၊ ပွဲကြည့်ပရိသတ်တွေ အန္တရာယ် ကင်းအောင် ဆော်ဩပေးတာတွေ မီးပုံးပျံအကြောင်း ပြောပေးတာတွေနဲ့ ဒိုင်စင်နဲ့ မီးပုံးပျံအဖွဲ့တွေ၊ ပွဲကြည့်ပရိသတ် တွေကြား အချိတ်အဆက်မိပြီး ပျော်စရာကောင်းခဲ့ပါတယ်။ အခု အခြေအနေကတော့ အိုးစည်သံ ပျောက်ရုံသာမက အစီအစဉ် တင်ဆက်သူရဲ့ အသံ၊ ဒိုင်အဖွဲ့ရဲ့ ပြောဆိုသံတွေက DJ အောက်မှာ ပျောက်ကွယ်ခဲ့ကြရပါတယ်။ ပွဲလာသူ ၅ သိန်းကျော်မှာ စတိတ်ရှိုးကို စိတ်ဝင်စားသူက လူဦးရေ ၂၀၀ ထက် မပိုပါဘူး၊ ဘားကို သွားချင်သူကလည်း ထောင်ဂဏန်းထက် မပိုနေပါဘူး။
. အခုနှစ် တန်ဆောင်တိုင်ပွဲကတော့ ဒိုင်စင်ကနေ ဘာတွေပြောနေလဲဆိုတာ ဘယ်သူမှ မကြားရ၊ လူပျောက် ကြော်ငြာပေးလည်း မသိရ၊ အရပ်လေးမျက်နှာက နားမခံနိုင်အောင် ဆူညံနေတဲ့ DJ သံတွေနဲ့ ဘားတန်ဆောင်တိုင် ပွဲတော်ကြီး ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက သတ်မှတ်လိုက်ကြပါတယ်။ .
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာ ရိုးရာပွဲတော်တွေထဲမှာ အစည်ကားဆုံး ပွဲတော် ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်ပွဲ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ နောက်တစ်ချက်က ယာဉ်ကြောကြပ်တည်းမှု ကိစ္စပါ။ တန်ဆောင်တိုင် လမ်းရှင်းဖို့ တာဝန်ကျသူတွေဟာ ဝန်ကြီးချုပ် ယာဉ်တန်း လမ်းရှင်းဖို့ တစ်ခုတည်း တာဝန် ရှိတာလားလို့တောင် မေးခွန်း ထုတ်ရမယ့် အခြေအနေပါ။ နောက်ပြီး ယာဉ်ဝင်ခွင့် ကိစ္စ၊ VIP ဆိုတာ ဘယ်သူ့ကို ပြောတာလဲ၊ ဘယ်လို သတ်မှတ်တာလဲလို့ မေးခွန်း ထုတ်ချင်ပါတယ်။ တကယ်တမ်းက VIP ဆိုတာ ဘာကတ်မှ မလိုပါဘူး၊ ယာဉ်တန်းနဲ့ သွားနေကြသူတွေအတွက် ဘာကတ်မှတ် သတ်မှတ်စရာ မလိုဘူးလို့ မြင်ပါတယ်။
ယာဉ်ရပ်နားခကတော့ နောက်ဆုံးညမှာ သိန်းနဲ့ချီပြီး ကောက်ခံကြတာ ဓါးပြတိုက်နေသလိုမျိုးပါပဲ။ လေ့လာကြည့်လိုက်တော့လည်း ရွှေသမင်ဘယ်ကထွက် ဆိုသလို၊ ဌာနဆိုင်ရာတွေကပဲ ကောက်နေကြတာပါ။ မီးရထားဝန်းဆိုရင် ရှိသမျှကား အကုန်မောင်းထည့်နေကြတဲ့ အပြာဝတ်တွေ၊ အဖြူဝတ်တွေက မြင်လို့ မကောင်းလှပါဘူး။
အရေးအကြီးဆုံးကတော့ မီးပုံးပျံပညာရှင်တွေပါ။ မီးပုံးပျံပညာကို လက်ဆင့်ကမ်းတဲ့ အလုပ်ဟာ တကယ်ကို ကောင်းမွန်တဲ့အလုပ်ပါ။ ဒါပေမဲ့လည်း တခြားဒေသ အထူးသဖြင့် ပြည်ပလို နေရာမျိုးကို ကိုယ့်ရဲ့ ရိုးရာအမွေ ရောက်မသွားစေဖို့ သတိပြုစေလိုပါတယ်။ မူရင်းထက် မိတ္တူက မကောင်းနိုင်ဘူး ဆိုပေမဲ့ မိတ္တူက မူရင်းထက် သာသွားရင်ရော ဘယ်လို ဖြစ်သွားမလဲဆိုတာကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ယူနက်စကို ဝင်ဖို့ဆိုတာ ဒီအတိုင်းသာ ဆက်သွားရင် ဘယ်လိုမှ မဖြစ်နိုင်ဘဲ ရိုးရာပွဲ ဆိုတဲ့ အမည်တောင် ပျောက်သွားနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင် ဥပဒေ တစ်ရပ် ရေးဆွဲပြီးတော့တောင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း သင့်ပါတယ်။

ဆက်လက်ပြီး ပြောစရာ ဖြစ်တာကတော့ မီဒီယာကဏ္ဍပါ။ ဌာနဆိုင်ရာတွေ အနေနဲ့ ပေါက်ကရ Page တွေ၊ ပုဂ္ဂိုလ်တွေကို မီဒီယာလို့ အမည်တပ်လို့ မရဘူးဆိုတာကို သိသင့်ပါတယ်။ မီဒီယာဥပဒေကိုတော့ ဖတ်ပြီးမှ မီဒီယာအကြောင်း ပြောသင့်ပါတယ်။ တန်ဆောင်တိုင်အစည်းအဝေး တက်ရောက်ဖို့ ပြည်နယ်အကြီးအကဲ ကိုယ်တိုင် ခွင့်ပြုပေးထားတဲ့ မီဒီယာကို အကြီးအကဲ မသိဘဲ အပြင်ထွက်နေဖို့ ပြောရလောက်တဲ့ထိ မဖြစ်သင့်ပါဘူး။ ဒီဖြစ်စဉ်ဟာ အခုနှစ် တန်ဆောင်တိုင်ရဲ့ ပုံရိပ် ထိခိုက်ရခြင်း အကြောင်းအရင်းလို့ဆိုရင် မမှားဘူးလို့ မြင်ပါတယ်။ ပြည်နယ်အကြီးအကဲကို မီဒီယာတွေ မေးမြန်းခွင့် တင်ပြအကြံပြုခွင့် ပျောက်ဆုံးသွားရတာဟာ စိတ်မကောင်းစရာပါပဲ။ မီဒီယာဆိုတာ လက်ညှိုးထောင် ခေါင်းညှိတ် မဟုတ်ပါဘူး။ ဝေဖန်အကြံပြုသင့်တာ ပြုရမှာပါ။ ဌာနဆိုင်ရာအလုပ် ဌာနဆိုင်ရာ လုပ်နေသလို မီဒီယာတွေလည်း မီဒီယာအလုပ်ကို လုပ်နေတာကို သိစေလိုပါတယ်။
. လောက သဘာဝအရ အကောင်းအဆိုး ဒွန်တွဲနေတတ်ပါတယ်။ လင်းတဲ့ဘက် (မီးလာတဲ့အခြမ်း) ရှိသလို မှောင်တဲ့ဘက် (မီးမလာတဲ့အခြမ်း) လည်း ရှိတတ်ပါတယ်။ ကြီးကျယ်ခမ်းနားမှုနဲ့ ဝေဖန်မှုတွေ ကြားကနေ မီးပုံးပျံပွဲတော်ကြီးက တစ်နှစ်တာ နှုတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပွဲတော်ကျင်းပရေးကော်မတီ အနေနဲ့လည်း စီမံခန့်ခွဲမှု အမှားတချို့ကို မြင်တွေ့ခဲ့ပြီး ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ မီးပုံးပျံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုကို အရောင်အဆင်းကင်းစွာ ဆက်လက်ယှဉ်ပြိုင်ကြရင်း လှပတဲ့ အနာဂတ်နိုင်ငံတော်၊ ပြည်နယ်ကြီးကို တည်ဆောက်ကြပါစို့လို့ ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုလိုက်ရပါတယ်။ ။ .