Kanbawza Tai News

ဘန်ကောက်ရှိ အဓိကရေနံစက်ရုံ ပေါက်ကွဲမီးလောင်ပြီး အနည်းဆုံး ၉ ဦး ဒဏ်ရာရ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဓိကရေနံချက်စက်ရုံတစ်ခုမှာ မနေ့က ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကာ အနီးအနားနေထိုင်သူတွေကိုလည်း ယာယီရွှေ့ပြောင်းပေးခဲ့ ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒဏ်ရာရသူအများစုဟာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ၃ ဦးမှာ အခြေအနေစိုးရိမ်ရတယ်လို့ ဘန်ကောက်မြို့ Erawan Medical Center က ထုတ်ပြန်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေမှာလည်း ဘန်ကောက်မြို့ အရှေ့ပိုင်းရှိ မီးလောင်မှုဖြစ်ပွားရာနေရာကနေ မီးခိုးအမည်းရောင် တွေ အမြောက်အမြား ထွက်ပေါ်နေတဲ့ပုံတွေကို တွေ့ရပါတယ်။

အစိုးရကလည်း မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ရှောင်ရှားကြဖို့ အကြောင်းကြားချက်ကို ဒေသခံတွေဆီ ဖုန်းမှတစ်ဆင့် ပေးပို့ခဲ့ပြီး အဲဒီဖြစ်စဉ်ဟာ မွန်းလွဲ ၃ နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။ ဘန်ကောက်မြို့အာဏာပိုင်တွေ ကလည်း ဖြစ်စဉ်ဖြစ်ပွားပြီး တစ်နာရီမပြည့်မီမှာပဲ မီးကို ငြှိမ်းသတ်နိုင် ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အနီးအနားနေထိုင်သူတွေကို နေအိမ်တွေ ပြန်ဝင်နိုင်ပြီလို့ အသိပေးခဲ့ပေမဲ့ ရေနံချက်စက်ရုံအနီး ၅ ကီလိုမီတာအတွင်း နေထိုင်သူတွေကိုတော့ လေထုညစ်ညမ်းမှု အန္တရာယ်ကြောင့် သတိထားနေကြဖို့ အကြံပြုထားပါတယ်။

ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနကလည်း မီးလောင်မှုဖြစ်ပွားရာ အနီးဝန်းကျင်မှာ လေထုနဲ့ ရေအရည်အသွေး ကို စစ်ဆေးအကဲဖြတ်ဖို့ တာဝန်ရှိသူတွေ စေလွှတ်ထားတယ်လို့ ပြောပါတယ်။

ရေနံချက်စက်ရုံနဲ့ သိုလှောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်တဲ့ Bangchak Corp. ကလည်း Facebook မှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ကုမ္ပဏီက ထုတ်လုပ်မှုလုပ်ငန်းအားလုံးကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

ထိုင်းစွမ်းအင်ဝန်ကြီး Akanat Promphan က မီးဟာ ရေနံချက်စက်ရုံရဲ့ စက်ရုံယူနစ်တစ်ခုမှာ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်နိုင်ပြီး အဲဒီနေရာဟာ ရေနံသိုလှောင်ကန်တွေနဲ့ မီတာ ၁၀၀ ခန့်အကွာမှာ ရှိတယ်လို့ ပြောပါတယ်။

“ ရေနံသိုလှောင်ကန်တွေ လုံခြုံတယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်း သေချာမသိရသေးဘူးဆိုရင် သူတို့ကို လုပ်ငန်းပြန်စခွင့် ပေးမှာ မဟုတ်ပါဘူး” လို့ ဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ရေနံထောက်ပံ့မှုအပေါ် အခုမီးလောင်မှုကြောင့် ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီး Akanat က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အခြားရေနံချက်စက်ရုံ ၅ ခု ရှိနေသလို အခုမီးလောင်မှုဖြစ်ပွား ခဲ့တဲ့ စက်ရုံဟာ အကြီးဆုံး စက်ရုံတွေထဲမှာ ပါဝင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၂၀ , ၀၀၀ ချက်လုပ်နိုင်တဲ့ စွမ်းရည်ရှိကြောင်း ဖော်ပြထားတဲ့ အဲဒီရေနံချက်စက်ရုံဟာ ထိုင်းနိုင်ငံမှာ ပဉ္စမအကြီးဆုံး ရေနံချက်စက်ရုံဖြစ်ပြီး မြို့ပြဧရိယာအတွင်း တည်ရှိတဲ့ တစ်ခုတည်းသော ရေနံချက်စက်ရုံ လည်း ဖြစ်ပါတယ်။

အဲဒီရေနံချက်စက်ရုံမှာ ၂၀၁၂ ခုနှစ် ဇူလိုင်လကလည်း ပေါက်ကွဲမှုနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ဖူးပြီး အနီးအနား လူနေအိမ် တွေ ထိခိုက်ပျက်စီးခဲ့ကာ စက်ရုံပြုပြင်ရေးလုပ်ငန်းတွေကို ၂ ပတ်ကြာ လုပ်ဆောင်ခဲ့ရပါတယ်။

Ref – AP

မူရင်းသတင်း — Kanbawza Tai News