
ထိုက်စံ(NP News)-နိုဝင်ဘာ ၂၇
အမျိုးသမီးတစ်ဦးကို တရုတ်ယွမ် (၁၇၀၀၀၀)ဖြင့် တရုတ်မယားလုပ်ရန် ရောင်းစားခဲ့သူကို တန့်ယန်းခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်တုန်ရွာနေ အမျိုးသမီးတစ်ဦးကို တန့်ယန်းမြို့နယ်နေသူ နန်းခမ်းလူနှင့် ပန်ဆန်းမြို့နေ အိုက်သန်းတို့က Messengerမှ ပန်ဆန်းမြို့ရှိ အကင်ဆိုင်တွင် အလုပ်လုပ် ကိုင်ပါက တစ်လလျှင် တရုတ်ယွမ် (၃၅၀၀) ရရှိမည်၊ လုပ်ကိုင်မည်ဆိုပါက ခရီးစရိတ်၊စားစရိတ် စိုက်ထုတ်ခေါ်ဆောင်ပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
ထိုသို့ စည်းရုံးခဲ့ပြီးနောက် ယင်းအမျိုးသမီးအား ပန်ဆန်းမြို့မှတစ်ဆင့် တရုတ်နိုင်ငံ စန်းတုန်းပြည်နယ်နေ နန်းခမ်းလီ ထံသို့ပို့ဆောင်ကာ တရုတ်အမျိုးသားတစ်ဦးနှင့် အဓမ္မလက်ထပ်စေရန် တရုတ်ယွမ် (၁၇၀၀၀၀) ဖြင့် ရောင်းစားခဲ့ကြောင်း စိစစ်သိရှိရသဖြင့် တန့်ယန်းမြို့မ ရဲစခန်း(ပ)၄၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြီးခဲ့သည့် (နိုဝင်ဘာ ၂၀ ရက်)က တန့်ယန်းခရိုင်တရားရုံးက ဖမ်းမိသူ နန်းခမ်းလူကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်သူ အိုက်သန်းနှင့် နန်းခမ်းလီတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၅၁၂) အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။