Myanmar Digital News

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမလေးလအတွင်း နီပေါနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၃၃ ဒသမ ၃၃ ရာခိုင်နှုန်း မြင့်တက်

ခတ္တမန္ဒူ   နိုဝင်ဘာ   ၂၆

နီပေါနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမလေးလအတွင်း သွင်းကုန်နှင့် ပို့ကုန်နှစ်ရပ်လုံး သိသိသာသာမြင့်တက်လာမှုကြောင့် ၃၃ ဒသမ ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး နီပေါရူပီး ၉၃၇ ဒသမ ၂၄ ဘီလီယံ အမေရိကန်ဒေါ်လာ ၆ ဒသမ၂၉ ဘီလီယံခန့်အထိ ရှိခဲ့ကြောင်း နီပေါအကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သော နောက်ဆုံးရ ကုန်သွယ်မှုစာရင်းဇယားများအရ သိရသည်။ ယခင်ဘဏ္ဍာနှစ်၏ အလားတူကာလအတွင်း နီပေါနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုမှာ နီပေါရူပီး ၇၀၂ ဒသမ ၉၄ ဘီလီယံ ရှိခဲ့သည်။

ပို့ကုန်တိုးတက်နှုန်းသည် သွင်းကုန်တိုးတက်နှုန်းထက် ပိုမိုမြန်ဆန်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် အလားတူကာလက နီပေါရူပီး ၉၃ ဒသမ ၄၉ ဘီလီယံ ရှိခဲ့ရာမှ ၄၃ ဒသမ ၄၈ ရာခိုင်နှုန်း မြင့်တက်ကာ နီပေါရူပီး ၁၃၄ ဒသမ ၁၄ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ တစ်ချိန်တည်းတွင် သွင်းကုန်မှာ နီပေါရူပီး ၆၀၉ ဒသမ ၄၅ ဘီလီယံမှ ၃၁ ဒသမ ၇၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး နီပေါရူပီး ၈၀၃ ဒသမ ၀၉ ဘီလီယံ ရှိခဲ့သည်။ အိန္ဒိယနိုင်ငံသည် နီပေါနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ နီပေါရူပီး ၅၇၄ ဒသမ ၈၀ ဘီလီယံရှိခဲ့ရာ နီပေါနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၆၁ ဒသမ ၃၂ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News