၂၇.၁၁.၂၀၂၆
Written by Linn Eain
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၄၅ အနီးတွင် အသက် ၇၀ ခန့်ရှိ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ သေဆုံးလျက်ရှိသည်ကို နိုဝင်ဘာ ၂၇ ရက်၊ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်က တွေ့ရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၄၅/၆-၇ အကြား နေပြည်တော်မှ မန္တလေးသို့သွားသည့်လမ်း၏ အရှေ့ဘက်မြေသားပေါ်တွင် အမည်မသိ အသက် ၇၀ နှစ်ခန့် အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ၍ ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလောင်းကို တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သက်ကြီးရွယ်အို အမျိုးသားတစ်ဦးကို တိုက်မိပြီး ထွက်ပြေးသွားသော ယာဉ်အမျိုးအစား/ယာဉ်မောင်း/ယာဉ်အမှတ်အား အမှုဖွင့်၍ စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အမြန်လမ်းမကြီးများဥပဒေအရ စည်းကမ်းလိုက်နာပါလျက် မတော်တဆယာဥ်တိုက်မှုဖြစ်ပွားပါက ယာဥ်မောင်းမှာ အဆိုပါဥပဒေ၏ အကာအကွယ်ကို ခံစားရမည်ဖြစ်ပြီး အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုခံယူအတည်ပြုရန် လိုအပ်ကြောင်း သိရသည်။
သို့သော် ယာဥ်တိုက်မှုကိုတိမ်းရှောင်ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို မရရှိတော့ဘဲ အခြားလမ်းများတွင်ဖြစ်ပွားသော ယာဥ်တိုက်မှုကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။