Myanmar Digital News

“ပဲခူးတိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူသည့်စနစ်” “Bago LSCS Application” အသုံးပြု၍ စာရင်းကောက်ယူမည်

ပဲခူး နိုဝင်ဘာ ၂၆

 

Bago LSCS Application အသုံးပြု၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူနိုင်ရေး ဆင့်ပွား သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် မွေးမြူထားကြသည့် တိရစ္ဆာန်အားလုံး၏ ကောင်ရေ စာရင်းများကို “ပဲခူးတိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူသည့် စနစ်” “Bago LSCS Application” အသုံးပြု၍ စာရင်းကောက်ယူမည် ဖြစ်သည့်အတွက် စာရင်းကောက်များအနေဖြင့် Application ကို စနစ်တကျကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန် ကောင်ရေစာရင်းသည် တိုင်းပြည်၏ စားရေရိက္ခာဖူလုံရေးအတွက် အရေးကြီးသကဲ့သို့ အသား ထုတ်လုပ်မှု၊ စားသုံးမှု၊ ဖူလုံမှုများကို ဒေသအလိုက် တွက်ချက်နိုင် သဖြင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာ ထည့်သွင်းကြရန် ဖြစ်ကြောင်းနှင့် စာရင်းကောက်များ အသုံးပြုနေသည့် Mobile Smart Phone များတွင် “Bago LSCS Application” ကို တစ်ပါတည်း ထည့်သွင်းပေးသွားမည် ဖြစ်ကာ စာရင်းကောက်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က လိုအပ်သည်များကို အနီးကပ် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

 ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက “ပဲခူးတိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူသည့် စနစ်” “Bago LSCS Application” အသုံးပြုနည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ပေးရခြင်းကို ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြများနှင့် စာရင်းကောက်သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News