Myanmar National Post

ကျောက်ပန်းတောင်းမြို့နယ်တွင် အသံမစဲမဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ



ကျောက်ပန်းတောင်း  ၊ နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ကုန်းတော်ကြီး မင်္ဂလာစေတီဘုရား (၃၁) ကြိမ်မြောက် အသံမစဲ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲက အဆိုပါ ဘုရားကြီးတန်ဆောင်းတွင် ပြုလုပ်သည်။

အဆိုပါ ပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲသို့ နာယကဆရာတော်ကြီး ၈ ပါးနှင့် ပဌာန်းကျမ်း ရွတ်ဖတ်ပူဇော်မည့် သံဃာတော် ၂၆ ပါး စုစုပေါင်း ၃၄ ပါး ကြွရောက်တော်မူကြပြီး ကုန်းတော်ကြီး မင်္ဂလာစေတီဘုရားဂေါပက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များက သီရိမင်္ဂလာကျောင်းဆရာတော်ဘဒ္ဒန္တသီရိန္ဒထံမှ ငါးပါး သီလခံယူဆောက်တည်ကြကာ ဩဝါဒကထာနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးကြကာ ပဌာန်းဖွင့်ပွဲကို ရုပ်သိမ်းလိုက်သည်။

ကုန်းတော်ကြီး မင်္ဂလာစေတီဘရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ တန်ဆောင်းမုန်းလပြည့်ကျော် ၃ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေ့အထိ ၅ ရက်တိုင်တိုင်အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပလေ့ရှိကြောင်း သိရသည်။

နေအောင်

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post