
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့လယ်ရှိ မြို့မဈေး အရှေ့မျက်နှာစာတွင် ဘီယာကြော်ငြာများ ကပ်ထားမှု အပေါ် ဒေသခံများအကြား ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
မြို့မဈေးသည် မြို့တော်တောင်ကြီး၏ အထင်ကရနှင့် လူစည်ကားရာ နေရာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ဘီယာကြော်ငြာ များ ကပ်ထားသည့်အတွက် ဘီယာသောက်သုံးမှုကို အားပေးရာ ရောက်နေပြီး မြို့၏ပုံရိပ်ကို ထိခိုက်စေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
“မြို့လယ်ခေါင်ဆိုတာ စီးပွားရေးကြော်ငြာတွေ ပြသရာနေရာတစ်ခုတည်း မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ လူမှုဘဝ၊ ကလေးသူငယ်တွေရဲ့ ပတ်ဝန်းကျင်နဲ့ လူငယ်တွေရဲ့ အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားရမယ့် နေရာဖြစ်တယ်။ ဒါကြောင့် တောင်ကြီးမြို့ မြို့မဈေးမျက်နှာစာ ဗိုလ်ချုပ်လမ်းမပေါ်က ဘီယာကြော်ငြာဘုတ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့အသံကို အလေးထားပြီး ပြန်လည်စိစစ်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မြို့မဈေးမျက်နှာစာ အပြင် တောင်ကြီးမြို့ပေါ် ရပ်ကွက်တွင်းလမ်းများတွင်လည်း ဘီယာကြော်ငြာဖြင့် ပူးတွဲ တပ်ဆင်ထားသည့် လမ်းညွှန်ဆိုင်းဘုတ်များကို တွေ့မြင်နေရပြီး အရက်ဘီယာ သောက်သုံးမှုကို အားပေးရာရောက် နေသဖြင့် ပြန်လည်စိစစ်ပေးစေလိုကြောင်း ဒေသခံများထံက သိရသည်။
“စည်ပင်က ဝင်ငွေလိုတာကတော့ မှန်ပါတယ်။ တခြားကြော်ငြာတွေကော ကပ်လို့မရဘူးလားပေါ့။ အရက်/ဘီယာ စာလုံး မပါရင် ကပ်လို့ရတယ် ဆိုပေမဲ့ ဒါက ဘာကို ကြော်ငြာတာလဲဆိုတာ အားလုံး သိနေတာပဲ။ ပြီးတော့ မြို့မဈေး ဆိုတာ တောင်ကြီးမြို့ရဲ့ မျက်နှာစာလို့ ပြောလို့ရတယ်။ ဘယ်လိုပဲ ကြည့်ကြည့် အမြင်မသင့်ပါဘူး” ဟု အခြားဒေသခံ တစ်ဦးကလည်း ပြောဆိုခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူအား ဆက်သွယ်မေးမြန်း ရာတွင် “ ABC/Tiger လို့ ရေးထားရင် ဘီယာမှန်း ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ဘီယာဆိုတဲ့ စကားလုံး၊ အရက်ဆိုတဲ့ စကားလုံး ပါရင်တော့ ခွင့်မပြုဘူး။ မိန်းလမ်းမှာလည်း တချို့ ABC ဘုတ်တွေ၊ Tiger ဘုတ်တွေရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
မြို့တစ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်း တစ်ခုတည်းသာမက လူမှုရေး၊ ကျန်းမာရေး၊ ကလေးသူငယ်များ၏ လုံခြုံသင့်လျော်သော ပတ်ဝန်းကျင်နှင့် လူငယ်များ၏ အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။
ယင်းကဲ့သို့ တောင်ကြီးမြို့ မြို့မဈေးအနီးနှင့် လူစည်ကားရာ လမ်းမကြီးများပေါ်ရှိ ဘီယာကြော်ငြာဘုတ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။