MT News
၂၇. ၁၁. ၂၀၂၆
နိုင်ငံတော်သမ္မတ၏ “နေပြည်တော်ကောင်စီနယ်မြေ ခရိုင်လေးခရိုင်အပါအဝင် မိတ္ထီလာ၊ ရမည်းသင်း၊ တောင်ငူခရိုင်တို့ ခရိုင်ခုနစ်ခုအား စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် စံပြဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်” လမ်းညွှန်မှာကြားချက်အပေါ် ခရိုင်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကောင်ထည်အဖော်နေမှုနှင့် ထပ်မံတိုးချဲ့ဆောင်ရွက်မည့် အစီအမံများကို ယမန်နေ့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စု ကြံတောကျေးရွာသို့ သွားရောက်၍ သမဝါယမဦးစီးဌာန၏ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် (CBF) စီမံကိန်း (Pilot Project) အဖြစ် ဆောင်ရွက်သည့် မှော်ဘီ-၂ မျိုးစပါး ဧက ၁၀၀ ရိတ်သိမ်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများအား တွေ့ဆုံကာ မျိုးကောင်းမျိုးသန့်များ တိုးချဲ့ထုတ်လုပ်၍ သမဝါယမအသင်းအချင်းချင်း ပံ့ပိုးပေးနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထိုမှတစ်ဆင့် တောင်ငူခရိုင်အတွင်းမှ နိုင်ငံတော်ထောက်ပံ့ငွေ၊ လူမှုစီးပွားရေးမြှင့်တင်ရေး (သက်တန့်ရောင်) စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်မည့် သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးလျက်ရှိသည့် စီမံကိန်းများ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေတိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အသင်းမှ မွေးမြူထားသော ငါးကန်များနှင့်ဘဲများအား ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် အုတ်တွင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်ရေး သမဝါယမအသင်းများမှ အသင်းသားတောင်သူများ၊ ဖြူးမြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ငါးသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် အစီအမံများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ စနစ်ကျသော သမဝါယမစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။