
ကိုဖြိုး (NP News) - နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်း လမ်းကြောင်းမှ တရုတ်နိုင်ငံဘက်သို့ ဖရဲသီး တင်ပို့နေခြင်းဖြစ်ပြီး အယ်လ်နီညို၏ ပူပြင်းစွတ်စိုသည့် ရာသီဥတုကြောင့် ဖရဲသီးများတွင် ရေနာ (အခွံမှ အစက်အပြောက်) နှင့် အသံပျောက်များ များပြားနေကြောင်း သိရသည်။
ထို့ကြောင့် ဖရဲသီး တစ်တန်လျှင် ယွမ် (၂,၂၀၀) ဈေးပေါက်သော်လည်း အပယ်သီး များပြားပြီး တစ်တန်လျှင် ယွမ် (၂,၀၀၀) အောက် ဈေးနှုန်းဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။
"ရှမ်းမြောက် လမ်းကြောင်းကနေ စပို့နေပြီ။ တရုတ်ဘက်က ကားတွေ တိုက်ရိုက်ဝင်တင်နေတာ။ ဒီနှစ်ဖရဲက အရင်နှစ် လမ်းကြောင်းအတိုင်းဆိုရင်တော့ အခြေအနေက သိပ်မကောင်းနိုင်ဘူး။ လမ်းကြာချိန် များနေတယ်" ဟု ဖရဲကုန်သည် တစ်ဦးက ပြောသည်။
ယခုလက်ရှိ တရုတ်နိုင်ငံသို့ ဖရဲသီး တင်ပို့မှုသည် ဖရဲသီး တစ်လုံးချင်းစီကို စက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုးပြီး သယ်ယူပို့ဆောင်ရသည့်အတွက် ကုန်ကျစရိတ်မှာ ယခင်နှစ်ထက် ပိုများနေကြောင်း သိရသည်။
ဖရဲသီးကား တစ်စီးလျှင် ဖရဲသီးတန်ချိန် (၁၆) တန်အထိ အများဆုံး ပါဝင်ကြောင်း၊ ပြီးခဲ့သည့် ဖရဲသီးရာသီချိန်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားလမ်းကြောင်းမှ တင်ပို့ခဲ့ရသဖြင့် လမ်းခရီးရှည်ပြီး ကုန်ကျစရိတ်သည် ယွမ် (၃၀,၀၀၀) ဝန်းကျင် (၉၄ သိန်း ၄ သောင်းကျော်) ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် ဂျပ်ဖာဖြင့် ဖရဲသီး ထုပ်ပိုးရသည့်အတွက် ကုန်ကျစရိတ်သည် ယွမ် (၃၀,၀၀၀) အထက် ပိုမိုကုန်ကျနိုင်ကြောင်း သိရသည်။
"အခုနှစ်က စက်သုံးဆီဈေးတွေကလည်း တက်နေတာဆိုတော့ ကုန်ကျစရိတ်က ဒီနှစ် ပိုမှာပဲ။ မူဆယ် (၁၀၅) မိုင်ဇုန်ကို အမြန်ဆုံး ပြန်ဖွင့်စေချင်တယ်။ အဲဒါမှ ဖရဲတောင်သူတွေလည်း အဆင်ပြေမယ်၊ ကုန်သည်တွေလည်း အဆင်ပြေမှာ" ဟု ဖရဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ တစ်ဦးက ပြောသည်။
(၂၀၂၅-၂၀၂၆) ခုနှစ် ဖရဲရာသီတွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ ကုန်ကျစရိတ် မြင့်မားခြင်း၊ ဖရဲသီး အရည်အသွေး မကောင်းသဖြင့် ဈေးနှိမ်ခံရခြင်းများကြောင့် ပြည်တွင်းရှိ ဖရဲစိုက်တောင်သူများနှင့် ကုန်သည်များ အရှုံးကြီးခဲ့ရသည်။
ယခင်ရာသီတွင်မန္တလေး-တောင်ကြီး-ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းမှသာ တရုတ်နိုင်ငံဘက်သို့ အသီးတင်ပို့မှု ရှိခဲ့ခြင်းဖြစ်ပြီး လမ်းခရီးအနေဖြင့် (၄) ညအိပ် (၅) ရက်ဝန်းကျင် အနည်းဆုံး ကြာမြင့်သည့်အတွက် အသီးအနှံ ပျက်စီးမှုရှိကာ အရှုံးပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။