
စော (NP News) - နိုဝင်ဘာ ၂၇
တောင်တော်(၁)၊ (၂) ဆိုလာရေတင်စီမံကိန်းများမှ မိုးကောင်းသောက်ဧက (၆၀၀) အား ရာသီမရွေး စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံ မှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်)က ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာအနီးရှိ တောင်တော်(၁) ဆိုလာစနစ် ရေတင်စီမံကိန်းနှင့် တောင်တော်(၂) ဆိုလာရေတင်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးရေရရှိရေးအတွက် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ်သုံးစွဲနိုင်ရေး၊ အခြေအနေပေးသည့်ဒေသများတွင် ဆိုလာမြစ်ရေတင်လုပ်ငန်းဖြင့် ရာသီအလိုက် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်၊ ရေလှည့်စနစ်ဖြင့် စိုက်ပျိုးရေကိုအလေအလွင့်နည်းပါးစွာ စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ဒေသခံတောင်သူများကို အသိပညာပေးခြင်းနှင့် နည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါတောင်တော်(၁)ဆိုလာစနစ် ရေတင်စီမံကိန်းမှ မြို့ကြီးမြောင်းမတော် ပေတိုင် (၅၆၀၅) ပေ နေရာတွင် ဆိုလာရေတင်စနစ်ဖြင့် စုပ်တင်၍ မိုးကောင်းသောက် ဧက (၂၅၀) အားလည်းကောင်း၊ တောင်တော် (၂)ဆိုလာစနစ်ရေတင်စီမံကိန်းမှ မြို့ကြီးမြောင်းမတော်ပေတိုင် (၇၇၇၅) ပေနေရာတွင် ဆိုလာရေတင်စနစ်ဖြင့် စုပ်တင်၍ မိုးကောင်းသောက် ဧက (၃၅၀) အားလည်းကောင်း ရာသီမရွေး စိုက်ပျိုးရေပေးဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။