
#Local_News
Published 27 November 2026
■ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (မန္တလေး) တွင် လူနာပြသမှု ၁၃၃,၉၈၁ ကြိမ်အတွက် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
■ အဆိုပါကာလအတွင်း ဆေးဖိုးတင်ပြတောင်းခံမှု ၃,၈၄၃ ကြိမ်အတွက် ငွေကျပ် ၁,၁၃၇ ဒသမ ၀၈၃ သန်း ပေးအပ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိတွင်လည်း လူနာပြသမှု ၉၉,၃၀၁ ကြိမ်ရှိခဲ့ကာ ဆေးဖိုးတင်ပြတောင်းခံမှု ၁,၁၈၀ ကြိမ်အတွက် ငွေကျပ် ၃၇၇ ဒသမ ၉၉၂ သန်း ပေးအပ်ခဲ့သည်။
■ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၆ ရက်တွင် အလုပ်သမားဆေးရုံကြီးသို့ သွားရောက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။
■ တွေ့ဆုံစဉ် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာစေရေးနှင့် ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် လိုအပ်သည့်ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်နှင့် အလေအလွင့်မရှိစေရန် အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
■ ထို့နောက် ဆေးရုံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု၊ ဆေးဝါးသိုလှောင်ရုံနှင့် ဆေးပစ္စည်းကိရိယာများ ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသည့် အာမခံအလုပ်သမားလူနာများနှင့် ကျောက်ကပ်သွေးသန့်စင်ဌာနတွင် ကုသမှုခံယူနေသည့် လူနာများကို တွေ့ဆုံအားပေးကာ အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
■ ဆက်လက်၍ စဉ့်ကိုင်မြို့နယ် ပလိပ်ရှိ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံသို့ သွားရောက်ပြီး စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များ၊ အလုပ်သမားများနှင့်တွေ့ဆုံခဲ့သည်။
■ ယင်းသို့တွေ့ဆုံစဉ် လူမှုဖူလုံရေးစနစ်တွင် အကျုံးဝင်သည့် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များ တိုးမြှင့်ပေးမည့်အစီအစဉ်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အလုပ်သမားအငြင်းပွားမှုများ ညှိနှိုင်းဖြေရှင်းပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
■ ထို့ပြင် စက်ရုံအတွင်း ဝါဂွမ်းကုန်ကြမ်းမှ ချည်မျှင်နှင့် အထည်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်များကို ကြည့်ရှုအားပေးခဲ့သည့်အပြင် စက်ရုံရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် ကွင်းဆင်းဆေးကုသပေးနေမှုများကိုလည်း ကြည့်ရှုခဲ့သည်။
■ ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံး နှစ်ထပ်အဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာနှင့် ချမ်းမြသာစည်မြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံး ပြန်လည်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အအုံများကို အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times