Myanmar Digital News

ပခုက္ကူမြို့၌ သီတဂူစက္ခုဒါန မျက်စိအထူးကုအဖွဲ့က မျက်စိဝေဒနာရှင်ပြည်သူများအား စတင်စစ်ဆေးခွဲစိတ်ကုသပေးလျက်ရှိ

ပခုက္ကူ နိုဝင်ဘာ ၂၆

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက်ရှိ သီတဂူ စက္ခုဒါနတံတားဦးဆေးရုံတော်၌ နီပေါနိုင်ငံမှ မျက်စိအထူးကု ပါရဂူဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံမှ မျက်စိအထူးကု ပါရဂူဆရာဝန်ကြီးများ ဦးဆောင်သော သီတဂူစက္ခုဒါန မျက်စိအထူးကုအဖွဲ့က ယနေ့ နံနက်ပိုင်းမှစတင်ပြီး မျက်စိဝေဒနာရှင်ပြည်သူများအား စမ်းသပ် စစ်ဆေးပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း လုပ်ငန်းများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

ဆောင်ရွက်ပေးလျက်ရှိ

 

အဆိုပါလုပ်ငန်းကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မျက်စိ အထူးကုဆရာဝန်ကြီးများ၊ ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးမှ မျက်စိ အထူးကုဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်မှု တို့ဖြင့် တစ်ရက်လျှင် စမ်းသပ်စစ်ဆေးလူနာ ၄၀၀ နှုန်းနှင့် ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာအများဆုံး ၁၅၀ နှုန်းတို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက် နိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များနှင့် ဒေသခံ ပြည်သူများက မျက်စိဝေဒနာရှင်များအား ပခုက္ကူမြို့ ပြည်သာယာခန်းမ၌ စနစ်တကျ စုဝေးစေပြီး သီတဂူစက္ခုဒါန တံတားဦးဆေးရုံတော်သို့ မော်တော်ယာဉ်များဖြင့် အသုတ်လိုက် ပို့ဆောင်ပေးခြင်း၊ စာရင်းများ ရေးသွင်းပေးခြင်း၊ နေရာချထားပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိသည်။

 

ကူညီဆောင်ရွက်

 

ထိုသို့ ဆောင်ရွက်ပေးနေမှုကို နယ်မြေခံ တပ်နယ်မှ ဗိုလ်မှူးကြီး ဝင်းမင်းလတ်၊ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဘာမီသာ(ပခုက္ကူ)

မူရင်းသတင်း — Myanmar Digital News