
မတ္တရာ ၊ နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ် မြွေဟင်္သာကျေးရွာအုပ်စု မြွေတလိုင်းကျေးရွာရှိ တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက အဆိုပါ ဆေးရုံတွင် ကျင်းပသည်။
ရှေးဦးစွာ အဆိုပါတိုက်နယ်ဆေးရုံ ခန်းမဆောင်တွင် ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်၊ အမှတ် (၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်ဝင်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနန်းဝင်းထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့် တာဝန်ရှိသူများမှ မြွေတလိုင်းတိုက်နယ် ဆေးရုံဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနန်းဝင်းထွေးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းတို့မှ အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်အောင်ကျော်မှ တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုက်နယ်ဆေးရုံတာဝန်ခံ ဒေါက်တာညီညီမှ မိတ်ဆက်စကားပြောကြားခဲ့သည်။
အဆိုပါ မြွေတလိုင်းတိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် ဒေသအတွင်းရှိ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ရွှေရာသား
https://t.me/MyanmarNationalPost