
သန့်ဇင် (NP News) - နိုဝင်ဘာ ၂၇
ကချင်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အောက်တိုဘာအထိ ကျပ်သန်း (၃,၀၀၀)ကျော် ကောက်ခံရရှိထား ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက် (၉) နာရီက ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည့် ကချင်ပြည်နယ် အခွန်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ကချင်ပြည်နယ်အတွင်း အခွန်အရပ်ရပ်လျာထားချက်ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေးအတွက် ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ဦးဆောင်၍ ပြည်နယ်အခွန်းဦးစီးဌာနမှူး၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အတွက် ရသင့်/ ရထိုက်သောအခွန်ငွေများ အချိန်နှင့်တစ်ပြေညီ ကောက်ခံရရှိရေး ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဘဏ္ဍာငွေအများဆုံးကောက်ခံပေးနေသည့် အရေးကြီးဌာနဖြစ်သည့်အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့အတွက်လည်း များစွာအထောက်အကူပြုနေကြောင်း ကချင်ပြည်နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အတွင်းရေးမှူး၊ ကချင်ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ဆိုသည်။
တည်ဆဲအခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ရောင်းရငွေ/ရငွေ ဝင်ငွေဖြစ်ထွန်းပေါ်ပေါက်သည့် လုပ်ငန်းများအားလုံး ဝင်ငွေခွန် ဖြစ်ထွန်း ပေါ်ပေါက်သော အခွန်ထမ်းဆောင်ထိုက်သူများအားလုံး Tax Base ချဲ့ထွင်ရေး၊ Tax Space အပြည့်အဝကောက်ခံရရှိရေး ဆောင်ရွက်သွားကြရန်လည်း ကချင်ပြည်နယ် အခွန် ကောက်ခံမှုအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် အခွန်ကောက်ခံရရှိရေးတွင်လည်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုနှင့်ပတ်သက်ပြီး အခက်အခဲရှိပါက မြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လည်း ကချင်ပြည်နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနအနေ ဖြင့် ပြည်နယ်အတွင်း အခွန်ကောက်ခံရရှိမှုများမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျပ်(၆၂၅၃ ဒသမ ၉၇၅) သန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျပ် (၇၂၈၅ ဒသမ ၂၄၃) သန်း အခွန်ဝေစုများ ပေးချေနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလကုန်အထိ ကျပ် (၃၇၇၆ ဒဿမ ၂၅၄) သန်းကို ပြည်နယ်အစိုးရအဖွဲ့သို့ ဥပဒေနှင့်အညီ နှစ်စဉ် အခွန်ဝေစုများ ပေးချေနိုင်ခဲ့ကြောင်း သိရသည်။