NP News

မြဝတီမြို့ သောင်ရင်းမြစ်ဘေးမှ အွန်လိုင်းငွေလိမ်လုပ်ငန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်ရောက်စီးနင်းရာ လူ(၁၀၀)ကျော် ဖမ်းမိ

မြဝတီမြို့ သောင်ရင်းမြစ်ဘေးမှ အွန်လိုင်းငွေလိမ်လုပ်ငန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်ရောက်စီးနင်းရာ လူ(၁၀၀)ကျော် ဖမ်းမိ
သန့်ဇင်(NP News)-နိုဝင်ဘာ ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့ သောင်ရင်းမြစ်နံဘေးမှ အွန်လိုင်းငွေလိမ်လုပ်ငန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်ရောက်စီးနင်းရာ လူ(၁၀၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ ကနဦး သိရသည်။
အထက်ပါ နေရာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း အဆောက်အအုံ (၂) လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့(နိုဝင်ဘာ ၂၇ ရက်) နံနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းစဉ် အများစုမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော်လည်း တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသား (၁၀၀) ကျော်ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံဘက်ခြမ်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် အခြေစိုက် ရာဇမနူ အထူးတပ်ဖွဲ့ (Rachamanu Task Force)ကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများအား လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းသည်ကို သတင်းရရှိပြီးနောက် နယ်စပ်တစ်လျှောက် တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာမှုများ မရှိစေရေး အနီးကပ် စောင့်ကြည့်တားဆီးမှုများ လုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားသည်။

မူရင်းသတင်း — NP News