
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်း-ကလောသွား ကားလမ်းတွင် ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်၊ ညပိုင်းက ကုန်စိမ်းတင်ယာဉ်တစ်စီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်း အမျိုးသားတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အောင်ပန်းမှ ရန်ကုန်မြို့သို့ ကုန်စိမ်းများ တင်ဆောင်မောင်းနှင်လာသည့် ကားတစ်စီးသည် ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်၊ ည ၁၁ နာရီခန့်က ကလောမြို့နယ်၊ လွယ်အံ့ကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ် ၇၆/၀ နှင့် ၇၆/၁ ကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတွင် ဦးခေါင်းနောက်ပိုင်းကွဲ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး ကလော ပြည်သူ့ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ကားသမား တစ်ယောက်ပဲပါတယ်။ ကုန်စိမ်းတွေကတော့ အပြည့်ပဲ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ကားက ပက်လက်လန်နေတော့ မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့တွေကို အကူအညီတောင်းပြီး လူနာကို ဆွဲထုတ်ရပါတယ်” ဟု ယာဉ်တိမ်းမှောက်မှုတွင် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်းမှူးအား ဆက်သွယ်မေးမြန်းရာတွင် ကလော ရဲစခန်းနယ်မြေဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ကလောမြို့မရဲစခန်းမှူးကမူ သိရှိခြင်း မရှိကြောင်း ပြောဆိုခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်နှင့် အမှုဖွင့်လှစ်ထားရှိမှု ရှိ/မရှိ မသိရှိရသေးချေ။