NP News

မော်လမြိုင်တွင် ကုန်တင်ကားက စတိုးဆိုင်ကို ဝင်တိုက်ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သေဆုံး

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စမ်းကြီးရပ်ကွက်၊ မော်လမြိုင် - သံဖြူဇရပ် ကားလမ်းမကြီးပေါ်တွင် ယနေ့ (နိုဝင်ဘာ ၂၇ ရက်) ၊ နေ့လည် (၁၂) နာရီ (၄၅) မိနစ်ခန့်က ကုန်တင်ကားတစ်စီး စတိုးဆိုင်ကို တိုက်မိခဲ့သဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ HINO RANGER အမျိုးအစား (၆) ဘီးကားသည် စမ်းကြီးရပ်ကွက်၊ နယ်မြေ (၁) အရောက်တွင် ရွှေဂျူးစံ မီနီမတ်ဆိုင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်က ခေါင်းခန်းက ဂျိတ်ကပြုတ်ပြီးတော့ ခေါင်းကြီးကလန်သွားတာ။ မောင်းနေရင်းနဲ့ ခေါင်းကြီးလန်သွားပြီးတော့ ဓာတ်တိုင်နှစ်တိုင်ကြားကနေပြီး စတိုးဆိုင်ကို ဝင်တိုက်လိုက်တာ။ ကားပေါ်ပါ (၂) ယောက်လုံးက ဆုံးသွားတာ။ ဆိုင်ကလူတွေကတော့ ထိခိုက်မှုမရှိဘူး။ ဓာတ်တိုင်နှစ်တိုင်ကြားမှာဆိုတော့ ဓာတ်တိုင်နှစ်တိုင်က ညှပ်ထားသလိုဖြစ်သွားတာ” ဟု မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ သောကြောင့် ရုပ်အလောင်းများကို ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအသင်းက မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့၏ ကိုယ်ရေးအချက်အလက်များနှင့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News