Myanmar National Post

ယူကရိန်းအရေးက ဥရောပသမဂ္ဂ မှာ အက်ကြောင်းတွေ ဖြစ်လာနေပြီ


နိုဝင်ဘာ - ၂၇ ( သောကြာနေ့ ) 

ဒါပေမဲ့ ယူရိုနယူးစ်သတင်းဌာနရဲ့ ဖော်ပြချက်အရ “ချွေတာရေးအုပ်စု” လို့ လူသိများတဲ့ အီးယူ အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်နဲ့ ဆွီဒင်တို့ဟာ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ အဆိုပြုထားတဲ့ အစည်းအဝေးပုံစံကို သပိတ်မှောက်ပြီး မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနိုင်ငံတွေက အဆိုပြုထားတဲ့ အစည်းအဝေးပုံစံဟာ သူတို့ကို ဖိအားပေးဖို့ ကြိုးစားတာလို့ ယူဆခဲ့ကြ ပြီး အဲဒီအစား အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံလုံး ပါဝင်တဲ့ မျက်နှာစုံညီအစည်းအဝေး ကျင်းပပေးဖို့ တောင်းဆို ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အီးယူ အဖွဲ့ဝင်နိုင်ငံတွေဟာ ၂၀၂၈ ခုနှစ်ကနေ ၂၀၃၄ ခုနှစ်အထိ အသုံးပြုမယ့် ဘတ်ဂျက်ပမာဏ ဘယ်လောက်ထားရှိမလဲ၊ အဲဒီငွေတွေကို ဘယ်ကဏ္ဍတွေမှာ အသုံးပြုမလဲဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လပေါင်းများစွာ အငြင်းပွားဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။

ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာရဲ့ နောက်ဆုံးအဆိုပြုချက်မှာတော့ ဥရောပကော်မရှင်က မူလတင်ပြထားတဲ့ ဘတ်ဂျက်အစီအစဉ်ထဲက ယူရို ၂၀၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၃.၈ ဘီလီယံ) ကို လျှော့ချထားပါတယ်။ ဒါကြောင့် စုစုပေါင်းဘတ်ဂျက်ပမာဏဟာ ယူရို ၁.၇၈ ထရီလီယံ ဖြစ်လာပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးအသုံးစရိတ်ကိုတော့ အမှန်တကယ်ဝယ်ယူနိုင်တဲ့ ငွေကြေးတန်ဖိုး အရ သုံးဆကျော်အထိ တိုးမြှင့်ထားဆဲ ဖြစ်ပါတယ်။

အဆိုပြုထားတဲ့ ဘတ်ဂျက်မူကြမ်းထဲမှာလည်း အီးယူ အဖွဲ့ဝင်နိုင်ငံတွေတစ်ဝန်းက စစ်သည်တွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ပိုမိုလွယ်ကူမြန်ဆန်စွာ ရွှေ့ပြောင်းပို့ဆောင်နိုင်ဖို့ လမ်းပန်းဆက်သွယ်ရေး စနစ်တွေ တိုးတက်ကောင်းမွန်အောင် ယူရို ၁၅.၆ ဘီလီယံ သီးသန့်လျာထားတယ်လို့ သိရပါတယ်။

ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ်ကတော့ ၂၀၂၇ ခုနှစ်အတွက် ယူကရိန်းနိုင်ငံကို ယူရို ၄၅ ဘီလီယံ ချေးငွေထုတ်ပေးမယ့် သီးခြားအစီအစဉ်ကို အီးယူအဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံသဘောတူခြင်း မရှိဘူးဆိုရင် အီးယူ ရဲ့ ဘတ်ဂျက်သဘောတူညီချက်ကို ပိတ်ဆို့သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အဲဒီချေးငွေဟာ ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ်တွေအတွက် အတည်ပြုပေးထားပြီးဖြစ်တဲ့ ယူရို ၉၀ ဘီလီယံအပြင် ထပ်မံပေးအပ်မယ့် ငွေကြေးဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီထဲက ယူရို ၂၅ ဘီလီယံအထိကို စစ်ရေး အကူအညီအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မာ့ဇ်ရဲ့ အခုလို ရာဇသံပေးတဲ့ သဘောထားကြောင့် ယူကရိန်းနိုင်ငံအတွက် နောက်ထပ်ဘဏ္ဍာရေး အကူအညီတွေ ပေးအပ်သင့်၊ မပေးအပ်သင့်ဆိုတဲ့ ကိစ္စအပေါ် အီးယူ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောထား ကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံတို့ကတော့ အခုချေးငွေအစီအစဉ်မှာ ပါဝင်ဖို့ ငြင်းဆန်နေကြပါတယ်။ သံတမန်နှစ်ဦးက ပေါ်လက်တီကို သတင်းဌာနကို ပြောကြားချက်အရ ဆလိုဗက်ကီးယားနိုင်ငံဟာ ဒီကိစ္စအပေါ် သဘောထားအတင်းမာဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖစ်ကိုကလည်း မာ့ဇ်ရဲ့ လုပ်ရပ်ဟာ “ခြိမ်းခြောက်ပြီး အတင်းအကျပ် လိုက်လျောခိုင်းတာ” ဖြစ်တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

 ဘူလ်ဂေးရီးယားသမ္မတ ရူမင် ရာဒက်ဗ်ကလည်း သူ့နိုင်ငံအနေနဲ့ စစ်ရေးအကူအညီမဟုတ်ဘဲ အရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုသာ ထောက်ခံပေးဖို့ အသင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဟန်ဂေရီဝန်ကြီးချုပ် ပီတာ မာဂျာကလည်း ထိပ်သီး အစည်းအဝေး ကျင်းပနေစဉ်အတွင်း စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူရဲ့ အိတ်စ်လူမှု ကွန်ရက်အကောင့် မှာ “အစည်းအဝေးစားပွဲဝိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် လုံးဝဆန့်ကျင်နေတဲ့ သဘောထားတွေကို ကြားသိခဲ့ရပြီးနောက် ဒီနေ့မှာ သဘောတူညီချက်တစ်ခု ရရှိနိုင်ဖို့ အခွင့်အလမ်းဟာ လုံးဝနီးပါး မရှိတော့ဘူးလို့ ကျနော် ယူဆပါတယ်” လို့ ရေးသားခဲ့ပါတယ်။


REF: RT

#Myanmar #News 

မူရင်းသတင်း — Myanmar National Post