
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာဂ်ချီက ပင်လယ်ကွေ့ဒေသအတွင်း နိုင်ငံခြားစစ်တပ်တွေ ရှိနေခြင်းဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူမဖြစ်ဘဲ တင်းမာမှုနဲ့ ပဋိပက္ခအတိုင်းအတာကို ပိုမိုမြင့်တက်စေနိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်းကို သတိပေးပြောဆို လိုက်ပါတယ်။
အာရာဂ်ချီနဲ့ ချိုဟျွန်းတို့ဟာ နိုဝင်ဘာ ၂၆ ရက်မှာ ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပြီး ချိုဟျွန်းက တောင်ကိုရီးယား အနေနဲ့ စစ်ပွဲ တစ်ခုခုမှာ ပါဝင်ဖို့ ဒါမှမဟုတ် ပင်လယ်ကွေ့ဒေသကို တပ်ဖွဲ့စေလွှတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြန်လည်ပြောကြားခဲ့ ပါတယ်။
တစ်ချိန်တည်းမှာ တောင်ကိုရီးယားလွှတ်တော်က တောင်ကိုရီးယား ရေတပ်ရဲ့ ချောင်ဟေးတပ်ဖွဲ့ တာဝန်ယူ ဆောင်ရွက်နိုင်တဲ့ ရေပြင်ဧရိယာကို အိုမန်ပင်လယ်ကွေ့ရဲ့ အပြင်ဘက်ရေပြင်အထိ တိုးချဲ့ဖို့ အစိုးရရဲ့ အဆိုပြုချက်ကို စိစစ်နေပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ တောင်ကိုရီးယား ကုန်တင် သင်္ဘောတွေ၊ ရေနံသင်္ဘောတွေ လုံခြုံစွာ သွားလာနိုင်ရေး အကူအညီပေးဖို့ ဖြစ်ပါတယ်။
ပင်လယ်ဓားပြတိုက်ဖျက်ရေးအတွက် ဖွဲ့စည်းထားတဲ့ ချောင်ဟေးတပ်ဖွဲ့ဟာ ၂၀၀၉ ခုနှစ်ကတည်းက အေဒင် ပင်လယ်ကွေ့မှာ တပ်စွဲထားတာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ချိုဟျွန်းဟာ ရေတပ်တပ်ဖွဲ့ရဲ့ တာဝန်ဟာ တောင် ကိုရီးယား နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံရဲ့ စီးပွားရေးအကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ရှင်းပြခဲ့ကြောင်း ပြောပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အများဆုံးတင်သွင်းတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားဟာ ၂၀၂၅ ခုနှစ်မှာ ရေနံတင်သွင်းမှုရဲ့ ၇၀ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းကနေ ရရှိခဲ့ပြီး အများစုကို ဟော်မုဇ်ရေလက်ကြား ကနေ သယ်ယူခဲ့တယ်လို့ အစိုးရအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Ref – CNA