NP News

ငရဲမီးတောက် အထက်ကမြို့ပျက် စန်ထရယ်လီယာ

Pika (NP News) - နိုဝင်ဘာ ၂၇

ငရဲမီးတောက်အထက်ကမြို့ပျက် သို့မဟုတ် စန်ထရယ်လီယာမြို့သည် အမေရိကန်နိုင်ငံ ပင် ဆယ်ဗေးနီးယားပြည်နယ် ကိုလံဘီယာကောင်တီတွင်ရှိသော လူသူကင်းမဲ့နေသည့် မြို့ငယ်လေးဖြစ်ပြီး (၁၉၆၂) ခုနှစ်တွင် လူသားများ၏အမှားတစ်ခုကြောင့် မြို့အောက်ရှိ ကျောက်မီးသွေးကြောကြီးမီးလောင် ကျွမ်းခဲ့မှုနှင့်အတူ လက်ရှိအချိန်အထိ နှစ်ပေါင်း(၆၀)ကျော်ကြာအောင် မြေအောက်မီးဆက်တိုက် လောင် ကျွမ်းနေခြင်းကြောင့် နေထိုင်ရန်မသင့်တော်တော့ဘဲ လူသူကင်းမဲ့သွားခဲ့ရသော ငရဲမီး မငြိမ်းနိုင်သည့် မြို့ပျက်အဖြစ် နာမည်ကျော်ကြားသည်။ ထို့နောက် (၁၉၉၂)ခုနှစ်တွင် ပင်ဆယ်ဗေးနီးယားပြည်နယ် အစိုးရက အစိုးရ၏ မဖြစ်မနေသိမ်းယူပိုင်ခွင့်ဥပဒေအရ မြို့တွင်းရှိ အိမ်ခြံမြေအားလုံးကိုသိမ်းယူခဲ့ပြီး လူနေထိုင်ရန်မသင့်တော်သည့်နေရာတစ်ခုအဖြစ်ကြေညာခဲ့သည်။ (၂၀၂၄)ခုနှစ်တွင် လုပ်ခဲ့သော American Community Survey (ACS) စစ်တမ်းအရ စန်ထရယ်လီယာမြို့တွင် နေထိုင်လျက်ရှိသည့် ဒေသခံမှာ တစ်ဦးတည်းသာ ကျန်ရှိတော့ကြောင်းသိရသည်။
သတ္တုတူးဖော်ရေးလုပ်ငန်းများစတင်ခြင်း
စန်ထရယ်လီယာမြို့တွင် ပထမဆုံးသော ကျောက်မီးသွေးတွင်းနှစ်ခုဖြစ်သည့် Locust Run Mine နှင့် Coal Ridge Mine တို့ကို (၁၈၅၆)ခု နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် (၁၈၆၀) ပြည့် နှစ်တွင် Hazeldell Colliery Mine ၊ (၁၈၆၂) ခုနှစ်တွင် Centralia Mine နှင့် (၁၈၆၃)ခုနှစ်တွင် Contin- ental Mine တို့ဆက်လက်ပေါ်ထွက်လာခဲ့သည်။ (၁၈၆၅)ခုနှစ်တွင် Lehigh Valley မီးရထားလမ်းမှ ခွဲ ထွက်လာသော Lehigh and Mahanoy မီးရထားလမ်းကို စန်ထရယ်လီယာမြို့အထိ တည်ဆောက်ခဲ့ပြီး နောက် ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေးမှာ ပိုမိုအဆင်ပြေလာခဲ့ပြီး စန်ထရယ်လီယာ မြို့၏ ကျောက်မီးသွေးရောင်းချမှုမှာ ကျယ်ပြန့်လာခဲ့သည်။
(၁၈၆၀) ပြည့်နှစ်များအတွင်း စန်ထရယ်လီယာမြို့သည် လုပ်ခလစာနှင့် အလုပ်သမားအခြေအ နေများ တိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်၍ မိုင်းလုပ်သားများသမဂ္ဂဖွဲ့စည်းရန်ကြိုးပမ်းနေသည့် Molly Maguires အဖွဲ့၏လှုပ်ရှားမှုများ အားကောင်းရာနေရာတစ်ခုဖြစ်ခဲ့သည်။ အဆိုပါကာလအတွင်း စန်ထရယ်လီယာမြို့တွင် အခြားသောလူသတ်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများလည်းဖြစ်ပွားခဲ့သည်။ ထို့ပြင် စန်ထရယ်လီယာမြို့နှင့်ပတ်သက်ပြီး ပြောစမှတ်ပြုကြသည့် ဒဏ္ဍာရီတစ်ခုမှာ မြို့၏ပထမဆုံး ရိုမန်ကတ် သလစ်ဘုန်းတော်ကြီးဖြစ်သော ဖာသာ Daniel Ignatius McDermott သည် (၁၈၆၉) ခုနှစ်တွင် Molly Maguires အဖွဲ့ဝင် (၃)ဦး၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးနောက် လက်တုံ့ ပြန်သည့်အနေဖြင့် အဆိုပါမြေကို ကျိန်စာတိုက်ခဲ့သည်ဆိုသည့်ဒဏ္ဍာရီဖြစ်သည်။ St. Ignatius Roman Catholic ဘုရားကျောင်းတစ်ခု သာလျှင် စန်ထရယ်လီယာမြို့တွင်ကျန်ရစ်မည့် အဆောက်အအုံ ဖြစ်လာမည့်နေ့တစ်နေ့ ရောက်လာလိမ့် မည်ဟု ဖာသာ Daniel Ignatius McDermott က ပြောကြားခဲ့ကြောင်းလည်းသိရသည်။
သန်းခေါင်စာရင်းများအရ စန်ထရယ်လီယာမြို့သည် (၁၈၉၀)ပြည့်နှစ်တွင် လူဦးရေ (၁၇၆၁) ဦး အထိရှိခဲ့ပြီး စည်ပင်ဝပြောနေသည့်ကာလအတွင်း ဘုရားကျောင်း (၇)ကျောင်း၊ ဟိုတယ် (၅)ခု၊ အရက် ဆိုင် (၂၇)ဆိုင်၊ ပြဇာတ်ရုံ(၂)ရုံ၊ ဘဏ်(၁)ခု၊ စာတိုက်(၁)ခုနှင့် ကုန်စုံဆိုင်(၁၄)ဆိုင်အထိရှိခဲ့သည်။ အချိန် (၃၇) နှစ်ကြာပြီးနောက် ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် ကျောက်မီးသွေးထုတ်လုပ်မှုမှာ အမြင့်ဆုံး အဆင့်သို့ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ထုတ်လုပ်မှုကျဆင်းလာကာ အမေရိကန်က ပထမကမ္ဘာစစ်အတွင်းဝင်ရောက်တိုက်ခိုက်ချိန်၌ စန်ထရယ်လီယာမြို့မှ မိုင်းလုပ်သားလူငယ်အများ အပြားမှာ စစ်မှုထမ်းရန်အတွက် ဝင်ရောက်သွားခဲ့ကြသည်။
(၁၉၂၉)ခုနှစ်တွင် Wall Street စတော့ဈေးကွက်ပြိုလဲမှုကြောင့် Lehigh Valley Coal Company သည် စန်ထရယ်လီယာမြို့ရှိ ၎င်းတို့၏မိုင်းတွင်း (၅) ခုကို ပိတ်ပစ်ခဲ့ရသည်။ သို့သော်လည်း တရားမဝင် တူးဖော်သူများက ပိတ်ထားသောမိုင်းတွင်း အချို့တွင် တူးဖော်မှုများကိုဆက်လက်လုပ်ဆောင်ခဲ့ကြပြီး “pillar-robbing” (မိုင်းတွင်းမျက်နှာကြက်ကို ထောက်ကန်ထားသည့် ကျောက်မီးသွေးတိုင်များ ကို ဖယ် ရှားတူးဖော်ခြင်း)ဟုခေါ်သောနည်းလမ်းကို အသုံးပြုခဲ့ကြသည်။ အဆိုပါ လုပ်ရပ်များကြောင့် အသုံးမပြု တော့ဘဲ ပိတ်ထားသည့်မိုင်းတွင်းများစွာပြိုကျခဲ့ရပြီး (၁၉၆၂)ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် မိုင်းတွင်း မီးလောင်ကျွမ်းမှုကို ထိန်းချုပ်တားဆီးရန်လုပ်ငန်းစဉ်များကို ပိုမိုခက်ခဲရှုပ်ထွေးသွားစေခဲ့သည်။
မိုင်းတွင်းမီးလောင်ကျွမ်းမှု
စန်ထရယ်လီယာမြို့တွင်ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သူ များကြားတွင် သဘောထားကွဲလွဲမှုများက ရှိနေဆဲလည်းဖြစ်သည်။ “Fire Underground: The Ongoing Tragedy of the Centralia Mine Fire” စာအုပ်ကိုရေးသားသူ David Dekok ၏အဆိုအရ အဆိုပါ မီး လောင်ကျွမ်းမှုသည် စန်ထရယ်လီ ယာမြို့တွင်ရှိသော အမှိုက်ပုံကိုရှင်းလင်းရန် ကြိုးပမ်းရာမှစတင်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ (၁၉၆၂)ခု နှစ် မေလတွင် စန်ထရယ်လီယာမြို့ကောင်စီသည် မြို့ပြင်ရှိ ဥိ Odd Fellows သုသာန်ဘေးတွင် စွန့်ပစ်ထားသောမိုင်းတွင်းဟောင်းနေရာတစ်ခုတွင်ရှိသည့် အမှိုက်ပုံ ကို ရှင်းလင်းရန်လုပ်ဆောင်ခဲ့သည်။ ယခင် နှစ်များကလည်း ယင်းကဲ့သို့အမှိုက်ပုံရှင်းလင်းခြင်းမျိုးကို လုပ် ဆောင်လေ့ရှိခဲ့သော်လည်း (၁၉၆၂)ခုနှစ်တွင် အမှိုက်ပုံမှာ အခြားနေရာတစ်ခု၌ရှိနေခဲ့သည်။
(၁၉၆၂)ခုနှစ် မေလ(၂၇)ရက်တွင် မီးသတ်သ မားများက ယခင်နှစ်များကဲ့သို့ပင် အမှိုက်ပုံကို မီးရှို့ ရှင်းလင်းခဲ့ကြပြီး အချိန်အတိုင်းအတာတစ်ခုအထိ မီးလောင်ကျွမ်းနေခဲ့သည်။ ထို့နောက် မီးသတ်သမား များက မီးငြှိမ်းသတ်မှုများလုပ်ဆောင်ခဲ့ကြသော်လည်း မီးကိုလုံးဝငြှိမ်းသတ်နိုင်တော့ခြင်းမျိုး မရှိတော့ ကြောင်း အချက်အလက်များအရသိရသည်။ အမှိုက်ပုံ အောက်ရှိ မိုင်းတွင်းဟောင်းနေရာတွင်ရှိသော ပိတ် ထားခြင်းမျိုးမရှိသည့် အပေါက်ဝတစ်ခုမှတစ်ဆင့် မီးက စန်ထရယ်လီယာမြို့အောက်ခြေရှိ ရှုပ်ထွေးရှည် လျားသော ကျောက်မီးသွေးတွင်းဟောင်းများဆီသို့ ပျံ့နှံ့သွားခဲ့သည်။ ယင်းအခြေအနေများကြောင့်ပင် မီးလောင်ကျွမ်းမှုက မြေအောက်တွင်ရှိသော ကျောက်မီးသွေးကြောကြီးဆီသို့ကူးစက်သွားကာ လက်ရှိအ ချိန်အထိ ငြှိမ်းသတ်နိုင်ခြင်းမျိုးမရှိသော မြေအောက် မီးလောင်ကျွမ်းမှုကိုဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် မြေ အောက်ကျောက်မီးသွေးတွင်းလိုဏ်ခေါင်းလမ်းကြောင်းများရှုပ်ထွေးလွန်းခြင်းနှင့် အောက်ဆီဂျင်များ အ ဆက်မပြတ်ရရှိနေခြင်းတို့ကြောင့် ယင်းမီးကိုငြှိမ်း သတ်ရန်ကြိုးပမ်းမှုအားလုံးမှာလည်းအကြိမ်ကြိမ်ကျ ရှုံးခဲ့ရသည်။
ချက်ချင်းပေါ်ပေါက်လာသည့် အကျိုးသက်ရောက်မှုများ
(၁၉၇၉)ခုနှစ်တွင် ဒေသခံများသည် မြေအောက်ကျောက်မီးသွေးကြောကြီး မီးလောင်ကျွမ်းမှု ပြဿနာ၏ ကြီးမားကျယ်ပြန့်မှုကို သတိပြုမိလာခဲ့ကြသည်။ အဆိုပါအချိန်တွင် မြို့တော်ဝန်ဖြစ်သူ ဓာတ်ဆီဆိုင်ပိုင်ရှင်က John Coddington သည် ၎င်း၏ဆိုင်တွင်ရှိသော မြေအောက်သိုလှောင်ကန်ထဲ သို့ ဆီပမာဏတိုင်းတာသည့်တုတ်ချောင်းတစ်ခုကိုထည့်သွင်းစစ်ဆေးခဲ့ပြီး ပြန်လည်ထုတ်ယူလိုက်သည့် အချိန်တွင် တုတ်ချောင်းက ပူပြင်းနေသည်ကိုတွေ့ရှိခဲ့သည်။ ထို့နောက် John Coddington က အပူချိန် တိုင်းကိရိယာတစ်ခုကို ကြိုးဖြင့်ချည်ကာ သိုလှောင်ကန်ထဲသို့ထည့်ကြည့်လိုက်ရာ ဓာတ်ဆီ၏အပူချိန်မှာ (၁၇၂)ဒီဂရီဖာရင်ဟိုက်ရှိနေသည်ကိုတွေ့ရှိခဲ့ရပြီး အံ့အားသင့်သွားခဲ့ရသည်။
နောက်ပိုင်းတွင် ယင်းမီးလောင်ကျွမ်းမှုအပေါ် ပြည်နယ်အစိုးရကလည်း အာရုံစိုက်လာခဲ့ပြီး (၁၉၈၁) ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်တွင် အာရုံ စိုက်မှုများက အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့သည်။ အဆိုပါ နေ့တွင်ပင် လူတစ်ယောက် လမ်းလျှောက်နေ စဉ်အချိန်အတွင်း ခြေထောက်အောက်မှ မြေပြင် ရုတ်တရက်ကွဲထွက်သွားခဲ့ကာ အကျယ်(၄)ပေနှင့်အနက် ပေ(၁၅၀)ရှိသည့် မြေကျင်းကြီးတစ်ခုထဲသို့ ပြုတ်ကျသွားခဲ့သည်။ ထို့နောက် အာဏာပိုင်များက အဆိုပါ တွင်းထဲမှတက်လာသော ပူပြင်းသည့် ရေ နွေးငွေ့များကိုစစ်ဆေးကြည့်ရာ အသက်အန္တရာယ်ဖြစ်စေနိုင် လောက်သည့်ပမာဏရှိသော ကာဗွန် မို နောက်ဆိုက်ဓတ်ငွေ့များပါဝင်နေသည်ကိုတွေ့ရှိခဲ့သည်။ (၁၉၇၀) ပြည့်နှစ်နှင့် (၁၉၈၀)ပြည့်နှစ်များ အ တွင်း မြေပြင်အက်ကွဲကြောင်းများမှတစ်ဆင့် ကာဗွန်မိုနောက်ဆိုက်များ အများအပြားထွက်လာခြင်း၊ အောက်ခြေမြေပြင်အပူချိန် (၉၀ဝ)ဒီဂရီ ဖာရင်ဟိုက်ကျော်အထိမြင့်တက်လာခြင်းနှင့် မြေပြင်များ နိမ့် ဆင်းကာ တွင်းနက်ကြီးများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အစိုးရက ရန်ပုံငွေထုတ်ပေးကာ မြို့ခံများကို အခြားနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ထို့ပြင် စန်ထရယ်လီယာမြို့ ကျောက်မီးသွေးတွင်း မီး လောင်ကျွမ်းမှုသည် တောင်ဘက်အနီးတစ်ဝိုက်ရှိ Byrnesville ရွာအောက်ဘက်အထိ ပျံ့နှံ့သွားခဲ့သဖြင့် အဆိုပါရွာမှရွာခံများကိုလည်း ရွှေ့ပြောင်းပေးရန် လိုအပ်လာခဲ့သည်။
ပြစ်တင်ရှုတ်ချမှုများနှင့် စွန့်ပစ်ခြင်း
စန်ထရယ်လီယာမြို့တွင် မြေအောက်မီးလောင်ကျွမ်းမှုမှာ ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပြီး မြို့အောက်တွင်ရှိသော ကျောက်မီးသွေးကြောများက အကျယ်အဝန်း စတုရန်းမိုင် (၆)မိုင် ခန့်အထိရှိနေခြင်းကြောင့် နောက်ထပ် နှစ်ပေါင်း(၂၅၀)ကျော်အထိ မီးက ဆက်လက် လောင်ကျွမ်းနေ လိမ့်ဦးမည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုတွင်ရေးသားဖော်ပြထားသည်။ မြေဧက (၄၀ဝ)ခန့်ကျယ်ဝန်း ပြီး နေရာလေးခုဆီသို့ ပျံ့နှံ့ လောင်ကျွမ်းနေသည့်မြေအောက်မီးလောင်ကျွမ်းမှုကိုညွှန်ပြနေသည့်အရာမှာ စန်ထရယ်လီယာမြို့ တောင်ပိုင်းတွင်တွေ့ရသည့် အဝိုင်းပုံသဏ္ဌာန်ရှိသော ရေနွေးငွေ့ထွက်ပေါက်များ ဖြစ်သည်။ ထို့ ပြင် စွန့်ပစ်ထားသည့် ပင်ဆယ်ဗေးနီးယားလမ်းမကြီး(၆၁)အပိုင်း တောင်ကုန်းထိပ်ပေါ်ရှိ သုသာန်၏နောက်ဘက်ဧရိယာနှင့်အနီးတစ်ဝိုက်ရှိ မြေပြင်တွင်ဖြစ်နေသော အက်ကွဲကြောင်းများမှ မီးခိုး ငွေ့ များနှင့် ရေနွေးငွေ့များ ထွက်ပေါ်နေသည်ကိုလည်း လက်ရှိအချိန်အထိ တွေ့မြင်နေရကြောင်းသိရ သည်။ အဆိုပါနေရာတွင် မြေအောက် မီးလောင် ကျွမ်းနေခြင်း၊ မြေသား ရုတ်တရက်ကျွံကျနိုင်ခြင်းနှင့် အန္တရာယ်ရှိလောက်သည်အထိ ကာဗွန်မိုနောက် ဆိုက်ဓာတ်ငွေ့များစုဝေးနေခြင်းတို့ကို သတိပေး ထား သည့်ဆိုင်းဘုတ်များစွာကိုလည်း စိုက်ထူထားသည်။ နောက်ဆုံးအနေဖြင့် ကျောက်မီးသွေးအများအပြား ထွက်ရှိပြီး စည်ပင်ဝပြောခဲ့သည့် သတ္တုတွင်း မြို့လေးဖြစ်သော စန်ထရယ်လီယာမြို့မှာ လူသားများ၏ အမှားတစ်ခုကြောင့် နောက်ထပ်(၂)ရာစုနှစ်လောက်အထိ လူသူနေထိုင်ရန်မသင့်တော်တော့ဘဲ မီးခိုး ငွေ့များကြားတွင်ပျောက်ဆုံးသွားခဲ့ရသည့် အမေရိကန် စွန့်ပစ်ခံမြို့လေးတစ်မြို့အဖြစ် အဆုံးသတ်သွားခဲ့ရသည်။

မူရင်းသတင်း — NP News