
(ကျန်းမာရေး) နိုဝင်ဘာ ၂၇
ရန်ကုန်မြို့ရှိ ခုတင် ၃၀၀ ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ဆွစ်ဇာလန်နိုင်ငံ Swiss Spine Foundation မှ ကျောရိုးခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဒေါက်တာကံမင်းနှင့် ပြည်တွင်းကျောရိုးခွဲစိတ်ဆရာဝန်များ ပူးပေါင်းကာ မွေးရာပါခါးရိုးကောက်ရောဂါရှိသူ လူနာ ၁၁ ဦးကို နိုဝင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါခွဲစိတ်ကုသမှုကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန လက်အောက်ရှိ ရန်ကုန်မြို့ အရိုးရောဂါအထူးကုဆေးရုံကြီး၏ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပါမောက္ခဒေါက်တာကံမင်းနှင့်အတူ ဆေးရုံမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဇော်မင်းဟန်၊ ပါမောက္ခဒေါက်တာသိန်းအောင်ကျော်နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာရှိန်မြင့်ဟန်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ခါးရိုးကောက်ရောဂါကုသမှုများကို ဆေးရုံရှိ ကျောရိုးခွဲစိတ်ဆရာဝန်ကြီးများကိုယ်တိုင် ဆောင်ရွက်ပေးခြင်းအပြင် နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များကို ဖိတ်ခေါ်၍လည်း ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးရုံ၏ ကျောရိုးခွဲစိတ်ကုသဌာနသို့ မြန်မာနိုင်ငံတစ်ဝန်းမှ ကျောရိုး၊ လည်ပင်းရိုးနှင့် ခါးရိုးဆိုင်ရာ ဝေဒနာရှင်များ လာရောက်ပြသကုသလျက်ရှိသည်။
ကျောရိုးခွဲစိတ်လူနာဆောင်တွင် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များ၌ ကျောရိုးပြင်ပလူနာများကို လည်းကောင်း၊ အင်္ဂါနှင့် ကြာသပတေးနေ့များ၌ လက်ပိုင်းဆိုင်ရာ ပြင်ပလူနာများကို လည်းကောင်း ကုသပေးလျက်ရှိသည်။
ထို့ပြင် တိုးချဲ့ငါးထပ်လူနာဆောင်တွင် အထွေထွေအရိုးလူနာများကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ကုသပေးနေပြီး ခွဲစိတ်ကုသရန် လိုအပ်သူများကို ဆေးရုံတင်၍ ကုသပေးလျက်ရှိကြောင်း သိရသည်။