Myanmar Transparency News

ခြောက်ဘီးကားတွဲခေါင်း ပြုတ်ထွက်၍ စတိုးဆိုင်ထဲ ဝင်သွားရာမှ နှစ်ဦးသေဆုံးမှု မော်လမြိုင်တွင် ဖြစ်ပွား

၂၇.၁၁.၂၀၂၆
Written by KL

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စမ်းကြီးရပ်ကွက်၊ စမ်းကြီးလမ်းဝတွင် မောင်းနှင်လာသော ခြောက်ဘီးကား၏ တွဲခေါင်းပြုတ်ထွက်၍ Shwe Juu San Mini mart စတိုးဆိုင်ထဲသို့ ဝင်သွားရာမှ နှစ်ဦးသေဆုံးမှု နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲ ၁နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။

“ခြောက်ဘီးကားက စမ်းကြီးလမ်းဝနားက ရေဆေးခုံမှာ ရေဆေးပြီး မောင်းထွက်လာရင်း ငါးဒိုင်စျေး လမ်းချိုးကွေ့မှာ ကားခေါင်းပြုတ်ပြီး စတိုးဆိုင်ထဲ ဝင်သွားတာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။

ယာဥ်တိုက်မှုကြောင့် အသက် ၃၀ ကျော်အရွယ် ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်တို့မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး သေဆုံးသူ နှစ်ဦးအနက် တစ်ဦးမှာ ကားခေါင်းအတွင်းညပ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကားခေါင်းကို ဖြတ်ထုတ်၍ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊မော်လမြိုင်အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းကယ်ဆယ်ခဲ့ကြပြီး သေဆုံးသူနှစ်ဦး၏ရုပ်အလောင်းကို ရွှေနတ်တောင်လူမှုကူညီရေးအသင်းမှ အသင်းပိုင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“ကားသမားက ရေဆေးခုံမှာ ရေဆေးပြီးရင် စစ်ရမှာ။ကိုယ့်ဒိုင်ခွက်မှာ ဇက်မီးလင်းတာ၊ ချက်မီးလင်းတာအကုန်စစ်ဆေးရမယ့်တာဝန်ပါ။ ခွေကိုင်မောင်းရုံမရပါဘူး “ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News