Positive Angle News

ပုသိမ်ကြီးမြို့နယ်အတွင်း တရားမဝင်ဓာတ်အားသုံးစွဲသည့် လုပ်ငန်း ၇ ခု၏ ထရန်စဖော်မာများကို ဓာတ်အားဖြတ်တောက်

(ပြည်တွင်း) နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း တရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရသည့် လုပ်ငန်း ၇ ခု၏ ပုဂ္ဂလိကထရန်စဖော်မာ ၇ လုံးကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားပြီး လျှပ်စစ်ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် ပုသိမ်ကြီးမြို့နယ်အတွင်း ကနဦးကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ ဓာတ်အားဆင့်ပွားသုံးစွဲနေမှုများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာ ၂၁ ရက်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်နှင့် မြို့နယ်အဆင့်တို့မှ ပါဝင်သည့် ကော်မတီအဖွဲ့က ထပ်မံကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်း ၇ ခု၏ ပုဂ္ဂလိကထရန်စဖော်မာ ၇ လုံးတွင် ခွင့်ပြုမိန့်၌ မပါဝင်သည့် ၄၀၀ ဗို့အား လျှပ်စစ်ဓာတ်အားလိုင်းများကို တိုးချဲ့တည်ဆောက်သွယ်တန်းထားပြီး ပြင်ပ Sub Meter များဖြင့် တရားမဝင်ဓာတ်အား သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါလုပ်ငန်း ၇ ခုတွင် စပါးတလင်းနှင့် စပါးဂိုဒေါင်လုပ်ငန်း၊ အလင်းရောင်နှင့် အထွေထွေသုံးလုပ်ငန်းများ၊ အဆင့်မြင့်စိုက်ပျိုးရေးလုပ်ငန်း၊ သီးနှံဂိုဒေါင်နှင့် ဓာတ်မြေဩဇာအရောင်းဆိုင်လုပ်ငန်း၊ အထည်ချုပ်စက်ရုံလုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။

ယင်းလုပ်ငန်းများသည် ငြိမ်းချမ်းသာစံကျေးရွာအုပ်စု၊ ဇီးချိုကုန်းကျေးရွာအုပ်စု၊ နန္ဒာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ကျေးရွာနှင့် နန်းဦးလွင်ကျေးရွာအုပ်စုတို့တွင် တည်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့ပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာအဆင့်မြှင့်တင်မှုများကြောင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ပိုမိုဖော်ထုတ်နိုင်မည်ဖြစ်ပြီး ဓာတ်အားမရရှိသေးသည့် ပြည်သူများထံ ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။

ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားကို စည်းကမ်းတကျသုံးစွဲကြရန်နှင့် တရားမဝင်ဓာတ်အားခိုးယူသုံးစွဲမှုများ တွေ့ရှိပါက သက်ဆိုင်ရာ Call Center များသို့ ဆက်သွယ်သတင်းပေးပို့၍ ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။

မူရင်းသတင်း — Positive Angle News